Trending Now

ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရသည့် ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ တမူခုန်းဒေသ

Spread the love

ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရသည့် ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ တမူခုန်းဒေသ

EPN
သတင်းဆောင်းပါး၊ မတ် ၂၂
ကောင်းဇေ ရေးသည်။

ဝေးလံခေါင်ဖျားလှသည့် နယ်စပ်ဒေသရှိ ကျေးရွာကလေးများတွင် တရားဥပဒေ စိုးမိုးမှုမှာ အားနည်းလျက် ရှိသည်။ နီးရာဓားကြောက်ရဆိုသလို တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့် အင်အားသာလွန်ခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းစသည့် နှိပ်စက် ညှင်းပန်း ခြိမ်းခြောက်မှုများကို တွေ့ကြုံနေရဆဲဖြစ်သည်။ အစိုးရမှလည်း ဝေးလံခေါင်ဖျားသည့် ဒေသများကို ထိထိရောက်ရောက် ကာကွယ်မှု မပေးနိုင်သေး။ ခြိမ်းခြောက်နှိပ်စက်ခံရင်း ရုန်းကန်နေရသော ကျေးရွာများရှိ ပြည်သူများ၏ဘဝမှာ ကျီးလန့်စာစားနေရသော ဘ၀သို့ ရောက်မှန်းမသိ ရောက်ရှိနေရပေသည်။

ထိုကဲ့သို့ဖြစ်စဉ်မျိုးကို ကချင်ပြည်နယ် အထူးဒေသ(၁)အတွင်းရှိ တမူခုန်းဒေသတွင် တွေ့ကြုံခဲ့ရပေသည်။ ပြောင်းရွေ့နေထိုင်လာကြသူများသည် ဒေသခံများ၏ ဘိုးဘွားပိုင် ရွာ၊ နယ်မြေများတွင် လာရောက်ကာ စိုက်ပျိုးခင်းများကို အကြိမ်ကြိမ် ကျူးကျော် စိုက်ပျိုးနေကြပြီး၊ ဒေသခံများ၏ ရွာနယ်မြေတွင် ယခုကဲ့သို့ အကြိမ်ကြိမ် ကျူးကျော်စိုက်ပျိုးကြခြင်းကို ဒေသခံ တိုင်းရင်းသားတို့က ကန့်ကွက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး များကလည်း ယင်းကဲ့သို့ မပြုလုပ်ကြရန် သွားရောက်ဆွေးနွေး တားမြစ်ပြောဆိုခဲ့ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ထိုကဲ့သို့ ကျူးကျော်ခြင်း မပြုလုပ်ကြရန် တားမြစ်ခြင်းအပေါ် ၎င်းတို့က အရေး မစိုက်သည့် အပြင် တုတ်၊ ဓား လက်နက်များဖြင့် တမူခုန်းဒေသရှိ မတောက်ကျေးရွာမှ ဒေသခံ ပြည်သူ များကို လာရောက်ခြိမ်းခြောက်ခဲ့ကြပြီး ဒေသအဖွဲ့အစည်းတို့နှင့် ဒေသအုပ်ချုပ်ရေးကော်မတီတို့မှ ချမှတ် ထားသော စည်းကမ်းများကိုလည်း လိုက်နာ ဆောင်ရွက်ခြင်းမရှိ လုပ်ဆောင်နေကြကြောင်းဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောပြခဲ့သည်။

“သူတို့လာ နှောင့်ယှက်တာကတော့ အခုမှမဟုတ်ဘူး။ နယ်မြေလာလုပြီးတော့ စိုက်ခင်းတွေပါ လာလုတာတွေရှိတယ်။ အရင်တုန်းကတော့စည်းစည်းလုံးလုံး နေပေမယ့် အခုမှသူတို့ ဆက်ဆံရေးက ဒီလိုမျိုးဖြစ်လာတာ။ အရင်ပြောင်းရွှေ့ရေးအဖွဲ့တွေ လာတုန်းကတော့ အိမ်ခြံဝန်းတစ်ခုနဲ့ စိုက်ခင်းတစ်ခု ပိုင်ဆိုင်ခွင့်ပေးထားတာဟုတ်တယ်။ အခုနောက်ပိုင်းမှ နေရာတကာလိုက်လု၊ လိုက်စိုက်တာတွေ လုပ်လာကြတယ်။ ပြီးတော့ မူလဒေသခံတွေကိုလည်း မလေးမစား၊ ကလန်ကဆန်တွေ လုပ်လာတယ်။ အစိုးရ အဖွဲ့အစည်းတွေရှိမှပဲ ပြည်သူလူထုတွေရပ်တည်နိုင်မယ်။ အခုကအစိုးရအဖွဲ့အစည်းကို မလေးမစား၊ ဂရုမစိုက်သလို လုပ်နေတယ်။ အစိုးရကွပ်ကဲအုပ်ချုပ်တဲ့ အမိန့်ကိုနာခံမှုလည်းမရှိဘူး။ အရင်တုန်းက ဦးစီးဦးဆောင်လာခဲ့တဲ့ မြို့နယ်ဥက္ကဌ၊ သူ့ကိုယ်တောင်မှ အခုအချိန်မှာ ပြောင်းရွှေ့လာသူတွေက မလေးမစားလုပ်တယ်။ အရင်တုန်းကခေါ်လာတုန်းက ဒီလိုမဟုတ်ဘူး။ လေးလေးစားစားပဲ။ အခုတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ လူကြီးကိုလဲ ကလန်ကဆန်လုပ်လာတယ်။ သူတို့ကိုခေါ်လာတဲ့ လူကြီးအပေါ်ဒီလိုလုပ်တာ အရမ်းအံ့သြတယ်။ လူကြီးအပေါ်လေးစားမှုလဲမရှိဘူး။ တကယ်တမ်းဒီပြောင်းရွှေ့ရေးအဖွဲ့တွေက ဒီဒေသမှာ ဇာတိချက်ကြွေဘိုးဘွားနေလာကြတာမဟုတ်ဘူး။ ကျွန်မတို့ဇာတိချက်ကြွေနေလာတဲ့ လူတွေအပေါ် အခုချိန်ကြ ဒီလိုမလေးမစားတွေ၊ ကလန်ကဆန်တွေလုပ်လာတာ အရမ်းအံ့သြတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလူကြီးတွေ ဖြေရှင်းပေးနိုင်ရင် ပိုကောင်းမယ်လို့ထင်တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့တုန်းကဆိုလဲ နောက်ကျောမှာ ဓားတွေလွယ်ပြီး ရောက်လာတယ်။ သူတို့လာတဲ့ပုံစံက သူတို့ကိုသွားတားတာတို့၊ သွားပြောတာတို့လုပ်ရင် ရန်ပြုမယ့် အခြေအနေမျိုးမှာရှိတယ်။ သူတို့ရန်ပြုမှာ ကြောက်လို့ ဘေးကနေပဲ ကြည့်နေခဲ့ရတယ်။ ပထမဆုံးဆိုင်ကယ်နဲ့လာပြီး ပြည်သူလူထုကို မကြိုက်ဘူး ဆိုပြီးတော အိုးခွက်ပန်းကန်တွေကို ရိုက်ခွဲတယ်။ ထင်တာကတော့ ပန်ဝါဒေသက ပြည်သူ့စစ်နဲ့ အခုလိုဒေသက လူတွေရောရောနှောနှော နေကြတာကို မကြိုက်လို့ ဒီလိုလာလုပ်တာလဲဖြစ်နိုင်တယ်။ အစိုးရအဖွဲ့အစည်း တွေကို မကြိုက်တဲ့ပုံစံလို့မြင်တယ်။ သူတို့တွေက ဒေသခံတွေကို လမ်းမှာတွေ့ရင်တောင် မကြည်သလိုလို၊ သတ်မလိုလို၊ နှိပ်စက်မလိုလို ပုံစံတွေနဲ့ကြည့်တယ်။ ဖြစ်နိုင်ရင်အစိုးရအဖွဲ့အစည်းကနေ ဒီပြောင်းရွှေ့ရေး အဖွဲ့တွေကို တခြားနေရာကို ပြောင်းရွှေ့ပေးရင်တော့ ပိုသင့်တော်မယ်လို့ ထင်တယ်။ ဒီတိုင်းဆက်နေရင်တော့ လေးစားမှုလဲမရှိဘူး။ တစ်ရက်ပြီးတစ်ရက်လည်း ပိုပြီးတော့ခြိမ်းခြောက်လာတယ်။ ပထမလာတဲ့အချိန်က နယ်ခံတွေနဲ့ စည်းစည်းလုံးလုံးပဲ။ နောက်ပိုင်းကျမှ ဒီလိုမျိုး မလေးမစားပုံစံနဲ့ခြိမ်းခြောက်မှုတွေဖြစ်လာတော့ သူတို့ကိုတခြားနေရာပြောင်းရွှေ့ပေးနိုင်ရင်တော့ပိုကောင်းမယ်လို့ထင်တယ်”ဟု ပြောပြခဲ့သည်။

ယင်းပြောင်းရွှေ့အဖွဲ့လာသူများသည် ဒေသခံများမဟုတ်ကြဘဲ တရုတ်ပြည်မှ ပြောင်းရွှေ့ နေထိုင်လာသည့်သူများ ဖြစ်သည်။ ပြောင်းရွှေ့နေထိုင်လာသည်မှာ နှစ်၂၀ ကျော်ကြာမြင့်ပြီဖြစ်ပြီး၊ စတင်ပြောင်းရွှေ့လာသော သက်ကြီးပိုင်းများမှာ မူလနေရာသို့ ပြန်သွားကြပြီဖြစ်သော်လည်း၊ ကျန်ရှိနေခဲ့သည့် လူငယ်များမှ ယခုနှစ်ပိုင်းအတွင်း ထိုကဲ့သို့ခြိမ်းခြောက်မှုများကို ပြုလုပ်လာကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မတောက်ကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ၎င်းတို့အဖွဲ့က လူဦးရေ ၈၀ ဝန်းကျင်ခန့်ရှိသော တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ကာ ခြိမ်းခြောက်ခြင်းများ၊ အိုးခွက်ပန်းကန်များ ဖျက်ဆီးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

“၂၈ရက်နေ့မှာ သူတို့ကျွန်မဆိုင်ကို ၉နာရီခွဲလောက်ရောက်လာတယ်။ သူတို့က ဓားလည်းလွယ်ထားတယ်။ လူဦးရေက ၈၀ ကျော်လောက်ရှိတယ်။ ပြီးတော့သူတို့လုပ်တာ အိုးခွက်ပန်းကန်တွေကအစ ဟိုးဂျောင် အထိ ရောက်သွားတယ်။ အရက်ပုံးတွေကိုလည်း ဖောက်သွားတယ်။ အိုးခွက်ပန်းကန်တွေ အကုန်ကွဲကုန်တယ်။ အဲ့ဒီအချိန်ကျွန်မက လန့်နေတာ။ သူတို့ကဆိုင်ထဲထိဝင်လာတယ်။ ကျွန်မကမဝင်နဲ့ အဲ့ဒါကျွန်မဆိုင်လို့ ပြောတယ်။ ဒါပေမယ်သူတို့ကအထဲဝင်ပြီး သွားတိုက်ဆေးတွေသွန်ပြီးတော့မှ မီးရှို့မယ်လို့ပြောတယ်။ မီးခြစ်တောင်ခြစ်နေပြီ။ ကျွန်မလန့်ပြီးငိုတော့မှ သူတို့ကမီးကိုမရှို့တော့တာ။ အဲ့ဒီထဲမှာ သုံးလေးယောက် လောက်က ဦးဆောင်တယ်။ အရမ်းလည်းဆိုးတယ်။ ပြီးတော့ သူတို့ပြန်မှ တစ်ယောက်က လာပြောတယ်။ သူတို့လိုက်ခိုင်းရင် လိုက်ရမယ်တဲ့။ မလိုက်ရင် အိမ်မှာမနေခိုင်းဘူး မီးရှို့မယ်လို့ လာပြောတော့ တချို့လိုက်သွားရတဲ့သူတွေရှိတယ်။ ကျွန်မကိုဆို ဈေးလဲလာမရောင်းနဲ့။ ဒီမှာလည်းမနေနဲ့။ မီးရှို့မယ်တဲ့။ အဲ့လိုလာမောင်းထုတ်တာ။ ကျွန်မလည်းလန့်ပြီးတော့ငိုနေရတယ်။

သူတို့ ဒီလိုမျိုးလုပ်တာဘာကြောင့် မှန်းကိုမသိတာ။ စကားပြောစက်တစ်ခုလည်း ပျောက်သွားတယ်။ အဲ့ဒါတစ်ခုကို သူတို့ယူသွားတယ်။ တစ်ခါမှလည်းမကြုံဘူးတော့ လန့်နေတာ။ ဘယ်သူ့ဆီ အကူအညီ တောင်းရမှန်းလည်း မသိဘူး။ သူတို့ကဓာတ်ဆီပုံးတွေလည်း မပြီး မီးရှို့ဖို့ လုပ်တယ်။ ဒီမှာ ဈေးရောင်းတာ တစ်လပိုင်း၅ရက်နေ့တည်းက လာရောင်းတာပါ။ ဒီလိုမျိုးပြသနာပြန်မဖြစ်ဖို့ လူကြီးတွေနဲ့ ရှင်းပေးဖို့။ နောက်ဆိုဒီလိုထပ်မဖြစ်စေချင်ဘူး။ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ သူတို့က ဒီလိုမျိုးလာလုပ်တော့ အရမ်း အံ့သြနေတာ။ ပြီးတော့သူတို့၁၂နာရီလောက်ပြန်သွားတယ်”ဟု မတောက်ကျေးရွာတွင် ဈေးဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောသည်။

 

ထိုကဲ့သို့ ဒေသခံများ၏ ဘိုးဘွားပိုင် ရွာ၊ နယ်မြေများတွင် လာရောက်ကာ စိုက်ပျိုးခင်းများကို အကြိမ်ကြိမ် ကျူးကျော် စိုက်ပျိုးခြင်း၊တုတ်၊ ဓား လက်နက်များဖြင့် တမူခုန်းဒေသရှိ မတောက်ကျေးရွာမှ ဒေသခံ ပြည်သူ များကို လာရောက်ခြိမ်းခြောက်ခဲ့ခြင်းတို့အပြင် တမူခုန်းဒေသရှိ ဒေသကာကွယ်ရေးဆောင်ရွက်နေသော ပြည်သူ့စစ်များကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း၊ ရွာမှအပြီးတိုင် မောင်းထုတ်ခြင်းအပြင် ယင်းတို့၏ မိသားစုဝင်များကိုလည်း အကြိမ်ကြိမ်ခြိမ်းခြောက်မှုများကိုလည်း ထပ်မံပြုလုပ်လျက်ရှိကြောင်းကိုလည်း ဒေသခံ ပြည်သူ့စစ်များ၏ ပြောပြချက်အရ သိရသည်။

“သူတို့အဖွဲ့က ပြည်သူ့စစ်လုပ်လို့ သတ်မယ်ဖြတ်မယ်ပြောတယ်။ ကျွန်တော်အိမ်လဲမသွားရဲဘူး။ တစ်ပတ်လောက်ရှိပြီ။ လူကြီးတွေကိုပြောချင်တယ်။ တောင်းဆိုချင်တာပေါ့နော်။ မြန်မြန်လာပြီးတော့မှ ဒီပြသနာကို ဖြေရှင်းပေးရင် ကောင်းမယ်လို့ပြောချင်တယ်။ သူတို့ကလူအများကြီးနဲ့ ကျွန်တော်အိမ်နားလာပြီး ဒီပြည်သူ့စစ်လုပ်လို့ ရွာမှာမနေရဘူး။ ပန်ဝါပြည်သူ့စစ်၊ ဒေသပြည်သူ့စစ် လုပ်လို့ မြန်မြန်ထွက်သွားတဲ့။ မသွားဘူးဆိုရင် အိမ်ကိုလည်းမီးရှို့မယ်ဆိုတော့ ကျွန်တော်လဲကြောက်ပြီး ထွက်ပြေးလာတာ။ အခုမန်သော်မှာ လာနေရတာ။ ဒီမှာကပြည်သူ့စစ်လုပ်တဲ့သူတွေလည်း အများကြီးရှိတယ်။ တခြားပြသနာဘာမှမရှိဘူး။ ပြည်သူ့စစ်လုပ်လို့ မနေရဘူးတဲ့။ ဒေသပြည်သူ့စစ်ကိုမကြိုက်ဘူးလို့ ပြောလာတာ။ ကျွန်တော် အလုပ်လုပ်ထားတဲ့ပိုက်ဆံ ၁၂၀၀၀ကိုလဲ ခေါင်းအုံးအောက်ထည့်ထားတာ။ ဘယ်သူယူသွားမှန်းမသိဘူး။ သူတို့မိုးချုပ်လို့ပြန်သွားတော့မှ အိမ်ပြန်လာပြီးကြည့်တော့ ပိုက်ဆံမရှိတော့ဘူး။ ကျွန်တော်ဆီလာတုန်းက လူနှစ်ရာကျော်ရှိတယ်။ လူကြီးတွေမြန်မြန်လာဖြေရှင်းပေးဖို့တောင်းဆိုချင်တယ်။ မဟုတ်ရင်နေလို့မှ မရတာအိမ်မှာ။ အိမ်မှာမိန်မနဲ့ကလေးပဲ ကျန်ခဲ့တယ်။ သူတို့ကိုလည်း ပြည်သူ့စစ်လုပ်လို့ ထွက်ပြေးရမယ်လို့ လာပြောတယ်။ ရွာမှာကပြည်သူ့စစ်၊ဒေသကာကွယ်ရေးလုပ်တာ သုံးအိမ်လောက်ရှိတယ်။ သူတို့က ဒီကလီဆူတွေ မဟုတ်ဘူး။ တရုတ်ပြည်ကလီဆူတွေ။ ပြောင်းရွှေ့ရေးသမားတွေ”ဟု လော့ထာကျေးရွာမှ ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးက သူ၏ ခံစားခဲ့ရမှုများကို ပြောပြခဲ့သည်။

၎င်းအပြင် တမူးခုန်းဒေသ ပြည်သူ့စစ် တာဝန်ထမ်းဆောင်နေသူ၏ ဇနီးသည်ကလည်း ခြိမ်းခြောက် ခံခဲ့ရပုံများကို ယခုကဲ့သို့ပြောပြခဲ့သည်။

“အမျိုးသားက ပြည်သူ့စစ်လုပ်နေတာ။ ကူးပြောင်းလာတဲ့ လီဆူတွေက ခြိမ်းခြောက်တာ။ နင်တို့ဒီမှာမနေနဲ့ပေါ့နော်။ ပြည်သူ့စစ်လုပ်လို့ပဲလား၊ ဘာကြောင့်စိတ်ဆိုးနေတာလဲတော့ မသိဘူး။ ဒီမှာမနေနဲ့ဆိုတော့ အရမ်းခက်ခဲနေတာ။ အဲ့ဒါကြောင့်လူကြီးတွေအနေနဲ့ကြည့်ပေးပါလို့။ အိမ်မှာလည်းမနေရဲဘူး။ သတ်မယ်လို့ပဲအဲ့လိုပဲပြောနေတယ်။ သူတို့ကလေးတွေတော့မသတ်ဘူး။ သတ်ရင်လည်း ကျွန်မတို့နှစ်ယောက်ကိုပဲ သတ်မယ်လို့ပြောတယ်။ ဒီလိုလာခြိမ်းခြောက်တာ နှစ်ကြိမ်၊ သုံးကြိမ် လောက်ရှိပြီ။ ကလေးတွေကိုလည်းလာလာပြောတယ်။ ကလေးတွေရဲ့ ဦးလေးကိုလည်း လာခြိမ်းခြောက်တယ်။ သူတို့က နင်တို့ပြည်သူ့စစ်ဆိုတာမရှိဘူး။လားချိဒ်အဖွဲ့မရှိဘူးလို့ပဲ ပြောနေတယ်”ဟု ဆိုသည်။

အဆိုပါ ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေသူများကိုသာမက ယင်းတို့၏ မိသားစုဝင်များ သားသမီးများကိုလည်း ခြိမ်းခြောက်သည်အထိ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ မည်သည့် အကြောင်းတရားကြောင့် ပြုလုပ်သည်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်က ပန်ဝါပြည်သူ့စစ်ဖြစ်နေတော့ သူတို့ပြောတာက သူတို့အဖွဲ့နိုင်သွားရင် ရွာမှာလည်းမနေခိုင်းဘူး။ ပြည်သူ့စစ်သွားလုပ်တဲ့အတွက်ကြောင့် သတ်မယ်ဖြတ်မယ်ပြောတယ်။ ရွာမှာလည်းမနေခိုင်းဘူး။ အဲ့လိုမျိုးခြိမ်းခြောက်တယ်။ သူတို့ကိုယ်တိုင်လာပြောတာ။ ခုဆိုထွက်ပြေးနေရတာ တစ်လလောက်ရှိနေပြီ။ ကျွန်တော်တို့ရွာမှာက ပန်ဝါပြည်သူ့စစ်လုပ်နေတာ မရှိဘူး။ မရှိတဲ့အတွက် မင်းပြည်သူ့စစ်မလုပ်နဲ့။ လုပ်ရင်ဒီရွာမှာမနေနဲ့လို့ပြောတယ်။ ပြည်သူ့စစ်လုပ်တဲ့ရွာမှာ သွားနေလို့ ပြောတယ်။ ၁၀ကြိမ်လောက်ကိုလာပြောတာ။ ဒီလိုပြောတော့ အရမ်းစိတ်တိုတယ်။ ဒါပေမယ့် အဖေ၊အမေနဲ့ မိန်းမက စိတ်မတိုနဲ့ ခဏတိမ်းရှောင်နေတာ ကောင်းမယ်ဆိုလို့ တိမ်းရှောင်နေရတာ။ အိမ်မှာရှိတဲ့မိန်းမနဲ့ ကလေးတွေကိုလည်း လာခြိမ်းခြောက်တယ်။ ကလေးတွေကိုလည်းရွာမှာမနေနဲ့။ မင်းအဖေရှိတဲ့ နေရာပြောင်းသွား။ အဲ့ဒီမှာကျောင်းလည်းသွားနေဆိုပြီး ပြောတယ်။ လူကြီးတွေအနေနဲ့ တာဝန်ရှိ ဆယ်အိမ်မှူးတွေ ကိုလည်း ပြောပေးပါ။ ကျွန်တော်တို့ မိသားစုတကွဲတပြားစီ နေရတယ်။ ကလေးတွေကိုလည်း ထိခိုက်ဒဏ်ယာရအောင်မလုပ်ကြပါနဲ့။ လူကြီးတွေကို ကူညီပေးပါလို့ ပြောတယ်။ သူ့သားဆိုရင် ကြောက်လဲကြောက်တယ်။ ရှက်လဲရှက်တယ်။ ကျောင်းလဲမတက်တော့ဘူး။ နေလဲမနေရဲတော့ဘူးလို့ ပြောတယ်။ ရွာကလူကြီးတွေကိုလည်း ပြောထားတယ်။ သူ့သားသမီးကိုတော့ မထိခိုင်းနဲ့ပေါ့နော်။ မနှိပ်စက်ပါနဲ့။ ထိခိုက်ဒဏ်ရာရအောင် မလုပ်ပါနဲ့။တောင်းပန်ထားတယ်”ဟု လော့ဂျာရွာရှိ ပြည်သူ့စစ် တာဝန် ထမ်းဆောင်နေသူတစ်ဦး က သူ၏ ခံစားနေရမှုများကို ပြောပြခဲ့သည်။

ထိုကဲ့သို့ဖြစ်စဉ်မျိုးကို ကချင်ပြည်နယ် အထူးဒေသ(၁)အတွင်းရှိ တမူခုန်းဒေသတွင် တွေ့ကြုံခဲ့ရပေသည်။ တမူခုန်းဒေသသည် ဝေးလံခေါင်ဖျားရုံတွင် သာမက လမ်းပန်းဆက်သွယ်ရေးမှာလည်း ခက်ခဲလှသည်။ တယ်လီဖုန်းလိုင်းများလည်း မရှိပေ။ တစ်ဦးနှင့် တစ်ဦးဆက်သွယ်ရာတွင်လည်း စကားပြောစက်လေးများ ကိုသာ အသုံးပြုနေရသည်။ ကားလမ်းမှာလည်း မည်မည်ရရ မရှိ။ ပြောရလျင် အခြားဒေသများနှင့်လည်း ဆက်သွယ်မှုခက်ခဲသော နေရာဒေသတစ်ခုဟု ဆိုလည်းမမှားပေ။ ထိုကဲ့သို့သောနေရာမျိုးတွင် အားကိုးစရာဟူ၍လည်း သတ်သတ်မှတ်မှတ် မရှိပေ။

ယင်းကဲ့သို့ ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသည့် ဒေသခံ ရွာသူ၊ရွာသားများ စုပေါင်း၍ သက်ဆိုင်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုင်ကြားစာ ပေးပို့သွားမည်ဟုလည်း သိရသည်။ သို့ရာတွင် လတ်တလော ကြုံတွေနေရသည့် ခြိမ်းခြောက်မှုအန္တရာယ်ကိုတော့ စိုးရိမ်မှုများရှိနေဆဲဖြစ်သည်။ သက်ဆိုင်ရာ အစိုးရမှ ယင်းကိစ္စကိုမည်သို့ မည်ပုံကိုင်တွယ်ဖြေရှင်းပေးမည်ကို ဒေသခံများမှလည်း လိုလားတောင့်တစွာ သိရှိလိုနေကြောင်း ဝေးလံခေါင်ဖျားသည့် ကချင်ပြည်နယ်အထူးဒေသ(၁)ရှိ တမူခုန်း ဒေသတွင် တွေ့ကြုံခံစားနေရမှုများကို ရေးသား ဖော်ပြလိုက်ရပါသည်။

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။