Trending Now

မြစ်ကြီးနားမြို့ ရှိ အေးမြသာယာအဆင့်မြင့်ဈေးတွင် သန့်ရှင်းမြန်မာခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်

Spread the love

မြစ်ကြီးနားမြို့ ရှိ အေးမြသာယာအဆင့်မြင့်ဈေးတွင် သန့်ရှင်းမြန်မာခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်

EPN
မြစ်ကြီးနား၊မေ ၁၉

ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် SEQUA SWITCH ASIAတို့ ပူးပေါင်း ၍ မြစ်ကြီးနားမြို့ ရှိ အေးမြသာယာအဆင့်မြင့်ဈေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်အိတ်လျော့ချရေး “သန့်ရှင်းမြန်မာခေါင်းစဉ်” ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို မေလနောက်ဆုံးအပတ်၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ဈေးသူ/ဈေးသားများ၊ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီပွားရေးလုပ်ငန်းရှင်များအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်အိတ်လျော့ချရေး “သန့်ရှင်းမြန်မာခေါင်းစဉ်” ဖြင့် အလုပ်ရုံဆွေးနွေးပွဲ(အခမဲ့)ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှသိရသည်။

“ဆွေးနွေးပွဲမှာ ရာသီဥတုထိခိုက်နိုင်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးနောက်ဆက်တွဲ၊ ကပ်ရောဂါတွေနဲ့အမှိုက်အမျိုးအစား၊ အမှိုက်များသန့်စင်ပြုပြင် ပြန်လည် အသုံးပြုနိုင်ခြင်းနဲ့ ပလပ်စတစ်အိတ်လျော့ချရေးအတွက် Prevent Plastics Myanmar ကနေ လုပ်ငန်းရှင်တွေကို ငွေကြေး၊ နည်းပညာအထောက်အပံ့တွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

SEQUA SWITCH ASIA သည် ပလပ်စတစ်အိတ်လျော့ချရေး (Prevent Plastics)ကို ဥရောပ သမဂ္ဂမှ ငွေကြေးထောက်ပံ့ပေးသော စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘဏ်များအသင်း MBA တို့နှင့် ပလပ်စတစ်လျော့ချရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်သော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ဈေးသူ/ဈေးသားများ၊ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီပွားရေးလုပ်ငန်းရှင်များတည်ရှိရာလုပ်ငန်းခွင်များတွင် သန့်ရှင်းသပ်ရပ်သော အမှိုက်စွန့်ပစ်ရေးစနစ်၊ သဘာဝနှင့် သဟဇာတ ဖြစ်သော ထုတ်ပိုးမှုစနစ်၊ ပလပ်စတစ်အစားထိုးအိတ်များအသုံးပြုနိုင်ရေး၊ ပလပ်စတစ်အိတ်သုံးစွဲမှုလျော့ချရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းကထပ်မံပြောသည်။

၎င်းအပြင် သဘာဝပတ်ဝန်းကျင်မြတ်နိုးသည့် ကချင်ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်များ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း လည်းသိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။