Trending Now

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုစာအုပ် ထုတ်ဝေခဲ့သည့် လွင်ဦးစာပေ ထုတ်ဝေခွင့်လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံရ

Spread the love

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုစာအုပ် ထုတ်ဝေခဲ့သည့် လွင်ဦးစာပေ ထုတ်ဝေခွင့်လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံရ

EPN
မြစ်ကြီးနား၊ ဇွန် ၁

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုစာအုပ် ထုတ်ဝေခဲ့သည့် လွင်ဦးစာပေအား မေလ ၂၈ ရက်နေ့မှ စတင်၍ ထုတ်ဝေခွင့်လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်ကြောင်း မေလ ၃၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် လွင်ဦးစာပေ၏ လူမှုကွန်ရက်စာမျက်နှာ Lwin Oo Book Store page မှတစ်ဆင့် Ronan Lee ရေးသားသည့် MYANMAR’S ROHINGYA GENOCIDE စာအုပ်ကို တင်သွင်း၊ ထုတ်ဝေ၊ ဖြန့်ချိရောင်းချခြင်းပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် လွင်ဦးစာပေသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ ပုဒ်မ (၁၇) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သဖြင့် ထုတ်ဝေခွင့်လုပ်ငန်းလိုင်စင်အား ရုပ်သိမ်းခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

လွင်ဦးစာပေအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ၊ ရေးသားထုတ်ဝေ ဆောင်ရွက်ခြင်းမပြုရန်လည်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးဖော်ပြထားသည်။

လိင်တူချစ်သူဇာတ်လမ်းအား အခြေခံထားသည့် စာအုပ်ထုတ်ဝေသည့် ရွှေလာဘ်စာပေ နှင့် လူသေလူဖြစ်စာအုပ် ထုတ်ဝေရောင်းချသည့် ရန်အောင်စာပေတို့ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်လုပ်ငန်းလိုင်စင်ရုပ်သိမ်းခဲ့ပြီး လွင်ဦးစာပေသည် တတိယမြောက် ထုတ်ဝေခွင့်ရုပ်သိမ်းခံရသည့် စာအုပ်တိုက်ဖြစ်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။