Trending Now

ဇလက်ထော် ရေလှောင်တမံ၏ ရေပိုလွှဲ အထွက်ဘက်အပိုင်းရှိ ရေကျ အဆောက်အအုံ ထိခိုက်မှု အရေးပေါ်ပြုပြင်ဆောင်ရွက်ပြီးစီး

Spread the love

ဇလက်ထော် ရေလှောင်တမံ၏ ရေပိုလွှဲ အထွက်ဘက်အပိုင်းရှိ ရေကျ အဆောက်အအုံ ထိခိုက်မှု အရေးပေါ်ပြုပြင်ဆောင်ရွက်ပြီးစီး

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၃ (၂၀၂၃)

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြို့နယ်ရှိ ဇလက်ထော် ရေလှောင်တမံတွင် အောက်တိုဘာ ၁၀ ရက်က ရေပိုလွှဲမှ ရေအမြင့် (၃ ဒသမ ၉) ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ရာ ပင်မရေပိုလွှဲ အထွက်ပိုင်း ရေကျအဆောက်အအုံများ ရေတိုက်စားထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးဆောင်၍ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြုပြင်ရာတွင် ပင်မရေပိုလွှဲ အထက်ပိုင်း၌ ယာယီရေတားတမံပြုလုပ်၍ ရေပိုလွှဲအောက်ပိုင်းကို လူအင်အား၊ စက်အင်အားများဖြင့် အမြန်ပြုပြင်ပြင်ဆင်ခဲ့ရာ အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်း တွင် ပြင်ဆင်မှုပြီးစီး၍ ယာယီချောင်းပိတ်တမံအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယခုတွင် ပင်မရေပိုလွှဲမှ ကန်ရေပြည့်အထက်ရှိ ရေများကို ကောင်းမွန်စွာ စီးဆင်းလျက်ရှိပြီး ရေမှတ်မှာ ၁၁၃ ပေရှိ၍ Spillway အထက်သုံးပေ ရေကျော်စီးဆင်းလျက်ရှိပြီး၊ ဇလက်ထော်ရေလှောင်တမံနှင့် ပြုပြင်ပြီး ပင်မရေပိုလွှဲမှာ မူလအခြေအနေအတိုင်း တည်ငြိမ်စွာရှိနေပြီး စိုးရိမ်ရန် မရှိကြောင်း သိရ သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့နယ်အတွင်းရှိ အလိုင်နီရေလှောင်တမံနှင့် လှည်းကူးမြို့နယ်အတွင်းရှိ လဂွမ်းပြင် ရေလှောင်တမံ ရေဝင်ရောက်မှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံနှင့် ရေပိုလွှဲများ ကြံ့ခိုင်ရေး အမြဲစစ်ဆေးရန်၊ ယခုရေကြီးကာလတွင် ရေကင်းများ ၂၄ နာရီချထားရန်နှင့် ရေလှောင်တမံ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု (EPP) နှင့်အညီ အဆင့်အလိုက်တုံ့ပြန်မှု အစီအစဉ်များ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

အဆိုပါ ရေလှောင်တမံများတွင် ထည့်သွင်းတည်ဆောက်ထားသည့် ရေပိုလွှဲများသည် ကန်ရေပြည့် သိုလှောင်နိုင်သည့် ပမာဏထက်ကျော်လွန်ပြီး စီးဝင်လာသော ရေများကို မူလမြစ်ချောင်းများအတွင်း သို့ စီးထွက်သွားစေရန် ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံ တစ်ခုဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် စီးဝင်လာသော ရေထုထည် ပမာဏအနက်မှ ကန်ရေပြည့် သိုလှောင်နိုင်သော ပမာဏတစ်ခုအထိ ထိန်းသိမ်းသိုလှောင်ပေးထားခြင်းဖြင့် တမံအောက်ဘက်ရှိ ဒေသများ၏ ရေကြီး နစ်မြုပ်မှုကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိ ကြောင်း သိရသည်။

ဆာကူရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။