Trending Now

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

Spread the love

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၃ (၂၀၂၃)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ထုတ်ပြန်ထားရှိမှု အခြေအနေ နှင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ကုန်သွယ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည့် e – Commerce Registration (Online) System နှင့်စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများ အားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူ များသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန် မလိုအပ်ဘဲ www. ecomreg.gov.mmမှ တဆင့် ယနေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။