Trending Now

ဧရာဝတီတိုင်းတွင် တစ်လအတွင်း အထည်ချုပ်စက်ရုံ ၂ ရုံး ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်သမား ၂၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရ

Spread the love

ဧရာဝတီတိုင်းတွင် တစ်လအတွင်း အထည်ချုပ်စက်ရုံ ၂ ရုံး ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်သမား ၂၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရ

EPN
ဧရာဝတီတိုင်း၊ ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း အထည်ချုပ် စက်ရုံ နှစ်ခုပိတ်သိမ်းခဲ့သည့် အတွက် အလုပ်သမား ၂၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း အလုပ်သမား အရေးကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။

ပိတ်သိမ်းခဲ့သည့် အထည်ချုပ် စက်ရုံနှစ်ခုသည် အလုပ် သမား အင်အား ၈၀၀ နှင့်လည်ပတ်နေသည့် ပုသိမ်မြို့ ၊ အမှတ်(၁၃)ရပ်ကွက် စက်မှုဇုန်မှာရှိသည့်Chai Moon Sport အထည်ချုပ်စက်ရုံနှင့် အလုပ်သမား အင်အား ၁၀၀၀ ကျော်နှင့်လည်ပတ်နေသည့် ပုသိမ်မြို့၊ကွင်းအမှတ် ၅၀/သစ်ညိုကုန်းကွင်း၊ တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ် ကွက်မှ Myanmar All Rich အထည်ချုပ်စက်ရုံတို့ ဖြစ်ကြောင်း အလုပ်သမားအရေးကူညီပေးသည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

”စက်ရုံ တစ်ခုက နိုဝင်ဘာ ပထမ အပတ်က ပိတ်ခဲ့တာ ၊ နောက်ထပ် စက်ရုံတစ်ခုက ၃၀ ရက်နေ့က ပိတ်တာ ၊ အရင်ဆုံး ပိတ်ခဲ့တာက Chai Moon Sport အထည်ချုပ်စက်ရုံပါ ၊ အဲ့ဒီ အထည်ချုပ် စက်ရုံမှာက အလုပ်သမား ၈၀၀ အထိရှိတယ် ၊ နောက်ထပ်ပိတ်တဲ့ စက်ရုံက Myanmar All Rich အထည်ချုပ်စက်ရုံ အဲ့ဒီ့မှာက အလုပ်သမား ၁၀၀၀ ကျော်ရှိတာ ၊စက်ရုံနှစ်ရုံ ပေါင်းရင် လက်မဲ့ဖြစ်သွားရတဲ့ အလုပ်သမား ဦးရေ ၂၀၀၀ နီးပါးအထိရှိတယ် အခက်အခဲတွေ အမျိုးစုံဖြစ် ပေါ်နေတယ် ၊ စက်ရုံနှစ်လုံးက အထည်အော်ဒါမှာယူတာ မရှိတော့လို့ ပိတ်ခဲ့ရတာပါ။”ဟု ၎င်းက ဆက်ပြောသည်။

ပိတ်သိမ်းခဲ့သည့် အထည်ချုပ်စက်ရုံ နှစ်ရုံကိုအချိန် နှစ်လသာ ယာယီပိတ်သိမ်းမည်ဟုအလုပ်သမားများကို အကြောင်းကြားထားပြီး အထည်အော်ဒါမှာယူခြင်းမရှိလျှင် ဆက်လက်ပိတ်ထားဖွယ်ရှိပြီး လက်ရှိ ပိတ်ရက်များတွင် အထည်ချုပ် အလုပ်သမားများသည် စားဝတ်နေရေး အပါအဝင် အခက်အခဲမျိုးစုံကြုံနေရပြီး ဆက်လက်ပိတ် ထားမည်ဆိုပါက အထည်ချုပ်အလုပ်သမား အခက်အခဲ အကျပ်အတည်းများ ဖြစ်ပေါ်လာမည်ဟု အထည်ချုပ် အလုပ်သမား တစ်ဦးကပြောသည်။

”အထည်အော်ဒါမှာယူတာ မရှိတော့လို့ ပိတ်တာတဲ့ ၊ နှစ်လ ပိတ်မယ်လို့ပြောတယ် ၊ ပြန်ဖွင့်ဖို့ မသေချာဘူး ၊ အလုပ်မရှိတော့ အခုအဆောင်ခပေးဖို့ မရှိဘူး ၊စားဖို့ လည်း မရှိဘူးဖြစ်လာတယ် ၊ တချို့က ပြန်ဖွင့်မလားဆိုပြီး စောင့်နေတယ် ၊ တချို့က ရွာပြန်ကြတယ်၊ တချို့က အလုပ်သစ် ထပ်ရှာနေတယ် ၊ အလုပ်သစ် တစ်ခုကလည်း အခုခေတ်မှာ ရဖို့က မလွယ်ဘူး ၊ အလုပ် လက်မဲ့ ဖြစ်ရတဲ့သူ ဦးရေက နည်းမှ မနည်းတာ ၊ သက်ဆိုင်တဲ့ ဌာနအဖွဲ့အစည်းတွေက ကုစားတဲ့အနေနဲ့ အလုပ် ဖန်တီး ပေးဖို့လိုပါတယ် ၊ ဒီလိုမှမဟုတ်ရင် ကြီးမားတဲ့ ပြဿနာ တွေ ဖြစ်ပေါ်လာနိုင်တယ်။”ဟု ၎င်းကဆက် ပြောသည်။

အဆိုပါ အထည်ချုပ် စက်ရုံများသည် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်ကစတင်ပြီး လခစား စနစ်ဖြင့် လည်ပတ်လုပ်ကိုင် နေခြင်းဖြစ်ပြီး ပိတ်သိမ်းခဲ့သည့် အထည်ချုပ်စက်ရုံများ သည် ကမ္ဘာကျော်အမှတ်တံဆိပ် ZARA, ONLY, VERO MODA စသည့် ဘရန်း အထည်များကိုချုပ် လုပ်နေသည့် တရုတ်နိုင်ငံသားပိုင်စက်ရုံများဖြစ်သည် ဟုသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။