Trending Now

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဖြင့် အပြင်ထွက်လာသည့် လင်မယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဖြင့် အပြင်ထွက်လာသည့် လင်မယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဧပြီ ၄ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မြစ်ကြီးနားတက္ကသိုလ် အနောက်ဘက်တွင် ယနေ့ (ဧပြီလ ၄ရက်နေ့)၊ နံနက် ၅နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်ဖြင့် အပြင်ထွက်လာသည့် လင်မယားနှစ်ဦးကို အမည်မသိ လူငယ်တစ်စုမှ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

စီတာပူရပ်ကွက်၊ နယ်မြေ (၈)၊ ဒေသခေါ် (S) ကွေ့ (ငြိမ်းချမ်းရေးလမ်း)တွင် အမည်မသိ လက်နက်ကိုင် လူငယ်တစ်စုမှ သေနတ်ဖြင့် (၅)ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” လင်မယားနှစ်ယောက်လုံးက ဆိုင်ကယ်မောင်းလာခဲ့တာ။ အကွေ့မှာဘဲ သေနတ်နဲ့ ၅ ချက် ပစ်ခံခဲ့ရတယ်။ ယောင်္ကျားဖြစ်သူကတော့ သေနတ်မှန်တဲ့ ဒဏ်ရာနဲ့ပဲ နေရာမှာပဲ သေသွားတယ်။ အမျိုးသမီးကိုတော့ ဆေးရုံပို့ပေးလိုက်ကြပြီး ဆေးရုံရောက်မှ သေသွားခဲ့တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူမှာ လည်ပင်းနှင့် ပါးဘေးတွင် ကျည်ထိမှန်ဒဏ်ရာ (၂)ချက်ဖြင့် နေရာမှာပင်သေဆုံးသွားခဲ့ပြီး၊ အမျိုးသမီးဖြစ်သူမှာ ဘယ်ဘက်ရင်အုံ၊ ကျောပြင်တွင် ကျည်ထိမှန်ဒဏ်ရာ (၃)ချက်ဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးသူ (၂)ဦးမှာ အသက် (၅၃)နှစ်ခန့်အရွယ် ကိုသူရစိုးနှင့် အသက် (၄၅)နှစ်အရွယ် ဒေါ်မိုးမိုးတို့ ဖြစ်ကြပြီး၊ စီတာပူရပ်ကွက်အတွင်း အိမ်ငှားရမ်းကာနေထိုင်သူများဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၂၃ ခုနှစ်၊ မေလကလည်း အမျိုးသားတစ်ဦး စီတာပူရပ်ကွက် ကုန်တင်ကုန်ချ ယာဉ်ရပ်နားစခန်း အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ပန်ပန်
Photo – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနား။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။