Trending Now

ပူတာအိုလမ်းတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး ပြန်လာသည့် အမျိုးသမီးနှစ်ဦးကို KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွာ

Spread the love

ပူတာအိုလမ်းတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး ပြန်လာသည့် အမျိုးသမီးနှစ်ဦးကို KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၃ (၂၀၂၄)

မြစ်ကြီးနား-ပူတာအိုလမ်း ဇွပ်ခါးရွာအနီးရှိ KIA စစ်ဆေးရေးဂိတ်တွင် မြစ်ကြီးနားမှ နိုင်ငံကူးလက်မှတ် ပြုလုပ်ပြီး ပြန်လာသည့် အမျိုးသမီးနှစ်ဦးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခရီးသည်များထံမှ သိရသည်။

မြစ်ကြီးနားတွင် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ခဲ့ကြပြီး ပူတာအိုသို့ လိုင်းကားဖြင့် ပြန်သွားခဲ့ရာ ဇွပ်ခါးရွာအနီးရှိ KIA ဂိတ်အရောက်တွင် အကျိုးအကြောင်းမရှိပဲ အသက် (၁၉)နှစ်ဝန်းကျင်ရှိ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ခရီးသည်တစ်ဦးထံမှ သိရသည်။

” ဖမ်းခံရတဲ့ ကောင်မလေးနှစ်ယောက်က အိမ်မှာအခက်အခဲတွေရှိလို့ နိုင်ငံခြားအလုပ်သွားလုပ်ကြမယ်ဆိုပြီး မြစ်ကြီးနားမှာ passport သွားလုပ်တာ ဟုတ်တယ်။ လုပ်ပြီးလို့ လိုင်းကားနဲ့ ပူတာအိုခဏပြန်တဲ့အချိန် ဇွပ်ခါးရွာအနားက KIA ဂိတ်မှာ အဖမ်းခံရတာ။ မိဘတွေလည်း ကားဆရာဖုန်းဆက်မှ သိကြတာပေါ့။ သူတို့က အသက်ကြီးပိုင်းတွေ မဖမ်းဘူး။ လူငယ်တွေပဲ ဖမ်းကြတာ ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့်အမျိုးသမီးနှစ်ဦးမှာ မိသားစုများနှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရပြီး၊ မိသားစုအခက်အခဲရှိသည့်ကြားမှ မိသားစု အတွက် ပြုစုစောင့်ရှောက်သူများကို ဖမ်းဆီးခြင်းမှာ မသင့်တော်ကြောင်းနှင့် ပြန်လည်လွှတ်ပေးစေလိုကြောင်းကို ပြည်သူတစ်ဦးက ပြောသည်။

” ကျွန်မတို့လည်း သူတို့မိဘတွေက ဘုရားကျောင်းမှာ ဆုတောင်းခံလာကြတော့မှ သိရတာ။ သူတို့သမီး အဖမ်းခံရတယ်ဆိုပြီးပြောတာ။ အဲ့ဒီဖမ်းခံရတဲ့သူတွေက မိသားစုကို လုပ်ကျွေးနေကြတဲ့ သူတွေဟုတ်တယ်။ မိသားစု အခက်အခဲရှိလို့ နိုင်ငံခြားသွားပြီး အလုပ်လုပ်သွား ကြမှာ။ အဲ့တာကိုဖမ်းတော့ မိသားစုက ပိုဒုက္ခရောက်ကြပြီ။ ဒါကြောင့်အဲ့လိုတွေ လိုက်ဖမ်းတာကို ကန့်ကွက်သင့်တယ်။ ပြန်လည်းလွှတ်ပေးစေချင်တယ် ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုများရှိလာသည့်အတွက် ခရီးသည်များကို ပို့ဆောင်ပေးနေသည့် ကားဆရာများမှာလည်း အခက်အခဲများ ကြုံရပြီး၊ လက်ရှိတွင် ခရီးသည်များထက် ကုန်ပစ္စည်း‌‌များကိုသာ အဓိကထား ပို့ဆောင်ပေးနေရ ကြောင်း ကားဆရာတစ်ဦးထံမှ သိရသည်။

” ခရီးသည်တွေ ဖမ်းကြတော့ သွားမယ့်သူတွေက မရှိသလောက် ဖြစ်လာပြီ။ ခရီးသည်တွေက ကြောက်လန့်နေကြတာဟုတ်တယ်။ ဒါကြောင့် ကားလတ်မှတ်တွေလည်း မရောင်းရတော့ဘူး။ ကျွန်တော်တို့လည်း မိသားစုအခက်အခဲရှိလို့ လုပ်စားကြရတာ။ လိုင်းမဆွဲရင်လည်း ငတ်ပြီပဲ။ အခုတော့ ခရီးသည်တွေကိုတင်ရင် နောက်ဆက်တွဲ ပြဿနာရှိလာလို့ ကုန်ပစ္စည်းပိုင်းကိုပဲ အဓိကထားပြီး သွားနေရတယ် ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် KIA အဖွဲ့မှ လူငယ်များကိုဖမ်းဆီးမှု များလာသည့်အတွက် စိုးရိမ်ကြောက်လန့်နေရကာ လေကြောင်းဖြင့်သွားလာရန်လည်း မိသားစုဝင်ငွေအခက်အခဲရှိသူများမှာ မသွားလာနိုင်ပဲ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနှစ်နာမှုများစွာ ကြုံတွေ့နေရကြောင်း ပြည်သူများထံမှ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။