Trending Now

ရှင်ဗွေယန်မြို့ တန်းလပ်ကျေးရွာအနီးတွင် ရွှေတူးဖော်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် လယ်ယာစိုက်ခင်းများ ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

Spread the love

ရှင်ဗွေယန်မြို့ တန်းလပ်ကျေးရွာအနီးတွင် ရွှေတူးဖော်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် လယ်ယာစိုက်ခင်းများ ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

EPN
မြစ်ကြီးနား၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့အနီးရှိ တန်းလပ်ကျေးရွာ အနီးနားတွင် ရွှေတူးဖော်မှုများ ပိုမိုလုပ်ဆောင် လာကြသည့်အတွက် အနီးနားရှိ လယ်ယာစိုက်ခင်းများ ပျက်စီးလာနိုင်မည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

အဆိုပါ တန်းလပ်ကျေးရွာ (နောက်တစ်မျိုးခေါ် ရွာဟောင်း) သည် တနိုင်း-ရှင်ဗွေယန် သွားလမ်းကြားတွင် တည်ရှိပြီး ၎င်းနေရာတွင် ရှင်ဗွေယန်မြို့ရှိ ဒေသခံပြည်သူများ လယ်ယာစိုက်ခင်းများကို လုပ်ဆောင်လျက် ရှိသော နေရာဖြစ်ကြောင်း သိရသည်။

ယင်းတန်းလပ်ကျေးရွာ (ရွာဟောင်း) နေရာများတွင် ရွှေများတူးဖော်လာခြင်းကြောင့် ယခုအချိန် လယ်ယာမြေများကို ပျက်စီးနိုင်ခြင်း မရှိသေးသော်လည်း နောက်နောင်တွင် လယ်ယာစိုက်ခင်းထိ ရောက်ရှိပြီး တူးဖော်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ ရွှေတူးနေတာကတော့ ကြာပါပြီ။ အခုဆို ဒီတန်းလပ်ဘက်ကို တူးလာကြတာ တစ်နှစ်တောင်ကျော်လာပြီ။ အရင်ကတော့ မရောက်လာကြသေးဘူး။ အခုကျတော့ ရွှေတူးမယ့် နေရာတွေက မရှိတော့လို့ ဒီဘက်တွေကို လာ ပြီးတူးနေကြတာ။ ရှင်ဗွေယန်မြို့ ပတ်ပတ်လည်က ရွှေမှော်တွေကြီးပဲ။ သစ်တောတွေလည်း ပြုန်းတီးကုန်ပြီ။ သဘာဝ ရေမြေတောတောင်တွေ ပျက်စီးခဲ့တာလည်းကြာခဲ့ပြီ။ အခုလည်း ပြည်သူတွေ လယ်ယာလုပ်စားတဲ့ဘက်ကို တူးလာကြတော့ စိုးရိမ်နေရတာပေါ့။ တစ်ချို့စက်ဆိုင်းတွေဆို လယ်တောနားရောက်ဖို့ နည်းနည်းပဲလိုတော့တယ်။ တစ်ချို့ စက်ဆိုင်းတွေကျ လယ်တောသွားတဲ့ လမ်းနားမှာ တူးနေကြတော့ လမ်းကိုရောက်ဖို့တောင် ပေတစ်ရာလောက်ပဲ လိုတော့တယ်။ ဒါကြောင့် ဒါတွေကို ထပ်ပီးမဆိုးလာအောင် ဂရုစိုက်ကြရင်ကောင်းမယ် ” ဟု ၎င်းကဆိုသည်။

ရှင်ဗွေယန်မြို့မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစပ်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်ကာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ (၁၁,၄၅၃)ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။