Trending Now

ဗန်းမော်မြို့လေဆိပ်အား ရည်ရွယ်ချက် ရှိရှိ KIA၊ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်နေခြင်းသည် ဒေသခံပြည်သူများကို ပိုမိုခက်ခဲ ကြပ်တည်းခြင်းသာ ဖြစ်ပေါ်စေဟု ဆို

Spread the love

ဗန်းမော်မြို့လေဆိပ်အား ရည်ရွယ်ချက် ရှိရှိ KIA၊ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်နေခြင်းသည် ဒေသခံပြည်သူများကို ပိုမိုခက်ခဲ ကြပ်တည်းခြင်းသာ ဖြစ်ပေါ်စေဟု ဆို

EPN
ဗန်းမော်၊ မတ် ၂၃ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အများပြည်သူ အသုံးပြုနေသည့် ဗန်းမော်လေဆိပ်အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းသည် ဒေသခံပြည်သူများအတွက် ခက်ခဲကြပ်တည်းမှုကိုသာ ပိုမိုတွေ့စေကြောင်း ဒေသခံပြည်သူများက ဆိုသည်။

ဗန်းမော်မြို့ရှိ လေဆိပ်အား KIA၊ PDF ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် ယခုလအတွင်း နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်နေခြင်းသည် ဒေသခံပြည်သူများအပေါ် ပိုမိုခက်ခဲ ကြပ်တည်းမှုများဖြင့်သာ ကြုံတွေ့နေရကြောင်း ဗန်းမော်မြို့ဒေသခံများက သုံးသပ်ပြောဆိုသည်။

” ကျွန်မတို့ ဗန်းမော်ခရိုင်အတွင်းမှာ တိုက်ပွဲတွေဖြစ်လို့ စစ်ရှောင်တွေ အများကြီးပဲ ဖြစ်နေပြီ။ ကားလမ်းတွေလည်းပိတ်ထားတယ်။ ကုန်ဈေးနှုန်းတွေလည်း လာကြည့်ဦး ခေါင်ခိုက်နေတာ။ အလုပ်တွေက လုပ်မရ။ ပြည်သူတွေ ဘယ် လောက် ကြပ်တည်းခက်ခဲနေလည်းဆိုတာ တွေးသာကြည့်တော့။ အခု လေဆိပ်ကိုပါ တိုက်ခိုက်နေတော့ ဒေသခံပြည်သူတွေ အတွက်ကတော့ အများကြီးတွေးပူနေရတယ်။ ရေကြောင်းလမ်း၊ ကုန်းလမ်း ပိတ်လို့မှ ပြည်သူတွေ ဒုက္ခရောက်နေပါတယ်ဆို အခု လေဆိပ်ကိုပါ တိုက်ခိုက်လို့ လေကြောင်းလမ်းပါ ထက်ပိတ်ရင်တော့ ဗန်းမော်ကပြည်သူတွေ အသက်ရှူချောင်ဖို့ မလွယ်ဘူး ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမော်ခရိုင်အတွင်းရှိ တပ်မတော်စခန်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် လပိုင်းအတွင်းကစ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံပြည်သူများ နေရပ်စွန့်ခွာလာကြပြီး၊ နီးစပ်ရာ ယာယီစခန်းများတွင် အိမ်ထောင်စုလေးထောင်နီးပါ တိမ်းရှောင်ရလျက်ရှိကြောင်း သိရသည်။

လက်ရှိ ဗန်းမော်ခရိုင်းအတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေ၍ ဗန်းမော်မြို့ခံ ပြည်သူတချို့သည် မြစ်ကြီးနား၊ မန္တလေးနှင့် နီးစပ်ရာ ကျေးရွာများသို့ ပြောင်းရွှေ့နေသူ ပိုမိုများလာကြောင်း ဒေသခံများက ထည့်သွင်းပြောဆိုသည်။

” အခုဆို ဗန်းမော်မြို့ပေါ် ကို စစ်ရှောင်တွေ အများကြီး ရောက်နေကြတယ်။ တချို့လည်း ဗန်းမော်မှာ မနေရဲလို့ မြစ်ကြီးနား ၊မန္တလေးနဲ့ ဆွေမျိုးများရှိတဲ့ ကျေးရွာတွေကို ရွှေ့နေကြပြီ ” ဟု ၎င်းက ရှင်းပြသည်။

တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေ၍ ဗန်းမော်မြို့ပေါ်တွင် အခြေခံစားသောက်ကုန်စည်များ အဆမတန်ဈေးနှုန်း မြင့်တက်လာခြင်း၊ ကုန်စည်ပြတ်လပ်ခြင်းများနှင့် ခရီးသွားဝန်ဆောင်မှု ကားခနှုန်းများ ဈေးနှုန်း မြင့်တက်နေခြင်းများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကစ၍ တပ်မတော် စခန်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်မူများ ပြုလုပ်လာ၍ နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကားလမ်း၊ ရေကြောင်းလမ်းနှင့် လေကြောင်းလမ်းများကိုပါ ယာယီရပ်နားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။