Trending Now

ယူကရိန်းနဲ့ ပိုလန်တို့ သံတမန်ရေးရာ ခိုက်ရန်ဖြစ်ပွားနေ

Spread the love

ယူကရိန်းနဲ့ ပိုလန်တို့ သံတမန်ရေးရာ ခိုက်ရန်ဖြစ်ပွားနေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃

ပိုလန်နိုင်ငံခြားရေးဝန်ကြီး မာဆင် ရှစ်ဒက်ရှ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံလုံးက သံတမန်တွေကို ဆင့်ခေါ်ခဲ့ကြတဲ့အထိ ယူကရိန်းနိုင်ငံနဲ့ ပိုလန်နိုင်ငံတို့အကြား တင်းမာမှုတွေဖြစ်ပွားနေပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီး မာဆင်က အင်တာဗျူးတစ်ခုမှာ ယူကရိန်းလယ်ယာထွက်ကုန် အချို့တင်သွင်းမှုကို ဆက်လက်ပိတ်ပင်ထားဖို့နဲ့ ရုရှား-ယူကရိန်းစစ်ပွဲအတွင်းမှာ ပိုလန်ကနေရရှိခဲ့တဲ့ ထောက်ပံ့မှုတွေအတွက် ယူကရိန်းက ကျေးဇူးတင်သင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မာဆင်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ လက်မခံနိုင်တဲ့ ယူရိကန်းက နိုင်ငံအတွင်းမှာရှိနေတဲ့ ပိုလန်သံတမန်ကို အင်္ဂါနေ့ အစောပိုင်းက ဆင့်ခေါ်ခဲ့ပြီး မာဆင်ရဲ့ မှတ်ချက်တွေဟာ မမှန်မကန်ဖြစ်တဲ့အတွက် လက်ခံနိုင်စရာမရှိဘူးလို့ ယူကရိန်းနိုင်ငံခြားရေဝန်ကြီး အိုလီ နစ်ကိုလစ်က ပြောကြားခဲ့ပါတယ်။

ပိုလန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ ပြင်းပြင်းထန်ထန်ရှုတ်ချမှုတွေမြင့်တက်လာခဲ့ပြီး ပိုလန်ဝန်ကြီးချုပ်က “ပိုလန်က ယူကရိန်းကို ပေးခဲ့တဲ့ ကြီးမားတဲ့ အထောက်အပံ့တွေကို ထည့်သွင်းစဉ်းစားရင် ဒီလိုအမှားမျိုး မဖြစ်သင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ပိုလန်ဟာ ရုရှား-ယူကရိန်းတို့ စစ်ပွဲအတွင်းမှာ ယူကရိန်းဘက်က အခိုင်အမာရပ်တည်လာတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပိုလန်က ပြည်တွင်းလယ်သမား အကျိုးစီးပွားအတွက် ယူကရိန်းက စိုက်ပျိုးရေးထွက်ကုန် တင်သွင်းမှုကို ဆက်လက်ပိတ်ပင်ထားဖို့ မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အခုလိုနှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်ဇကီက မဟာမိတ်ပိုလန်နဲ့ ပြင်းထန်တဲ့ သံတမန်ရေးရာ ခိုက်ရန်ဖြစ်ပွားမှုကို အဆုံးသတ်ဖို့ အင်္ဂါနေ့ နှောင်းပိုင်းက တောင်းဆိုခဲ့ပြီး ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့နဲ့ အတူ ဥရောပရဲ့ တကယ့်အကာအရံတစ်ခုဖြစ်လာတဲ့ ပိုလန်ရဲ့ သမိုင်းဝင်ထောက်ပံ့မှုကို ကျွန်တော်တို့ အလွန်ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီအကာအရံမှာ အက်ကွဲမှုတစ်ခုမှ မရှိနိုင်ပါဘူး” လို့ ဇလန်ဇကီက ပြောပါတယ်။

“ယူကရိန်းနဲ့ ပိုလန်ပြည်သူတွေကြားက ဆက်ဆံရေးကို ပျက်ပြားသွားစေမယ့် နိုင်ငံရေးအခိုက်အတန့်တွေကို ကျနော်တို့ ခွင့်မပြုဘဲ၊ စိတ်ခံစားမှုတွေကို လုံး၀ ဘေးဖယ်ထားသင့်ပါတယ်” လို့ ဇလန်ဇကီက ဆက်ပြောပါတယ်။

ယူကရိန်း လယ်ယာထွက်ကုန်တွေပေါ် ပိုလန်နိုင်ငံက တင်သွင်းခွင့် တားမြစ်ချက်ကို သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး မာဆင် တနင်္လာနေ့က ပိုလန်မီဒီယာက တဆင့်ပြောကြားခဲ့ပါတယ်။

“ဒီနေ့ အရေးကြီးဆုံးက ပိုလန်လယ်သမားတွေရဲ့ အကျိုးစီးပွားကို ခုခံကာကွယ်ဖို့ပါပဲ” လို့ မာဆင်က ပြောကြားခဲ့ပြီး “လွန်ခဲ့တဲ့ လတွေနဲ့ နှစ်တွေအတွင်းမှာ ပိုလန်က ယူကရိန်းအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့သလဲဆိုတာကို (Kyiv) က စတင်တန်ဖိုးထားဖို့ ထိုက်တန်မယ်လို့ ထင်ပါတယ်။” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

မေလအတွင်းမှာ ဥရောပသမဂ္ဂနိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့ စလိုဗက်ကီးယား နိုင်ငံတွေမှာ ယူကရိန်းက တင်သွင်းတဲ့ ဂျုံ၊ ပြောင်း၊ မုဒိန်စေ့နဲ့ နေကြာစေ့ ရောင်းချခွင့်ကို တားမြစ်ခဲ့ပါတယ်။

အဆိုပါ ငါးနိုင်ငံဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကုန်ဆုံးမယ့် ယူကရိန်းလယ်ယာထွက်ကုန် တင်သွင်းမှုတားမြစ်ချက်ကို အခုနှစ်ကုန်အထိ အနည်းဆုံးသက်တမ်းတိုးလိုတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂက သက်တမ်းတိုးတာကို သဘောမတူဘူးဆိုရင်တောင် စက်တင်ဘာ ၁၅ ရက်မှာ တားမြစ်ချက်ကို ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။

ယူကရိန်းက ပိုလန်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ယူကရိန်းလယ်ယာထွက်ကုန်တွေ ဥရောပသမဂ္ဂကို အတားအဆီးမဲ့တင်ပို့ နိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။