Trending Now

စက္ကူစက်ရုံတွင် ဂဟေဆော်ရာမှမီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံနှင့် စက္ကူကုန်ကြမ်းပိဿာချိန် ၁၀၀၀၀ ကျော် ပျက်စီးဆုံးရှုံး

Spread the love

စက္ကူစက်ရုံတွင် ဂဟေဆော်ရာမှမီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံနှင့် စက္ကူကုန်ကြမ်းပိဿာချိန် ၁၀၀၀၀ ကျော် ပျက်စီးဆုံးရှုံး

EPN
မန္တလေး၊ ဧပြီ ၈ (၂၀၂၄)

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက္ကူစက်ရုံတွင် ပြီးခဲ့သည့် ဧပြီ ၆ ရက်၊ ညနက်ပိုင်းက ဂဟေဆော်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယင်းနေ့၊ ည ၁၂ နာရီ ၄၈ မိနစ်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈ လမ်း ၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်းကြားရှိ စက္ကူစက်ရုံတစ်ရုံတွင် စက္ကူဆွဲစက် အိတ်ဇောဖန်အား ဂဟေဆော်နေစဥ် လွင့်ထွက်လာသော မီးပွားများသည် အောက်တွင်ရှိသော စက္ကူကုန်ကြမ်းများပေါ်သို့ ကျရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုအား မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ဧပြီ ၇ ရက်၊ နံနက် ၃ နာရီ ၃၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

” စက္ကူစက်ရုံ ဖြစ်တဲ့အတွက် အလွယ်တကူ မီးလောင်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ပေါတယ်။ အချိန်အတော်ကြာအောင် ငြှိမ်းခဲ့ရတယ်။ ၃ နာရီနီးပါးလောက် ကြာသွားတယ်။ ထိခိုက်တဲ့လူ မရှိပါဘူး။ ပျက်စီးမှုကတော့ အတော်များသွားတယ် ” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် ပေ ၄၀၊ ပေ ၁၇၀ ရှိ စက္ကူစက်ရုံ အဆောက်အအုံနှင့် စက္ကူကုန်ကြမ်း ပိဿာချိန် ၁၀၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့သဖြင့် စက္ကူစက်ရုံတာဝန်ခံအား ပြည်ကြီးတံခွန်မြို့မရဲ စခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။