Trending Now

ဗန်းမော်တက္ကသိုလ်ဝန်းအတွင်းက ဆရာ၊ဆရာမ၊ ကျောင်း‌သား၊ ကျောင်းသူများကို လုံခြုံရေးအရ နေရာပြောင်းရွေ့ပေးထား

Spread the love

ဗန်းမော်တက္ကသိုလ်ဝန်းအတွင်းက ဆရာ၊ဆရာမ၊ ကျောင်း‌သား၊ ကျောင်းသူများကို လုံခြုံရေးအရ နေရာပြောင်းရွေ့ပေးထား

EPN
ဗန်းမော်၊ မတ် ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဗန်းမော်တက္ကသိုလ် သုံးခုရှိသည့်အနက် ဗန်းမော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို လုံခြုံစိတ်ချရသည့် နေရာသို့ ပြောင်းရွေ့ထားကြောင်း ဒေသခံများထံက သိရသည်။

ဗန်းမော်ခရိုင်အတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိနေ၍ ဗန်းမော်တက္ကသိုလ် ကျောင်းဝင်းအတွင်းက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်လုံခြုံစိတ်ရမှုရှိစေရန် နေရာပြောင်းရွေ့ပေးရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

” ဗန်းမော်ဘက်မှာ တိုက်ပွဲတွေ အရမ်းကိုပြင်းထန်နေတယ်။ ဗန်းမော်တက္ကသိုလ်က ဘာအတားအစီးမှ မရှိဘူး။ အဲ့ဒါကြောင့် လုံခြုံစိတ်ချရတဲ့ နေရာဘက်ကို ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀၀ လောက်ကို မနေ့ ညပိုင်းက အကုန်ပြောင်းရွှေ့ထားတယ် ” ဟု ၎င်းကရှင်းပြသည်။

ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်း ထန်နေသည့်အတွက် ယမန်နေ့၊ ည၇နာရီ အချိန်ခန့်တွင် ဗန်းမော်တက္ကသိုလ် ကျောင်းအတွင်းမှ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများကို နန့်ဖာတက္ကသိုလ်ကျောင်းမှ သုံးမိုင်ရွှေပြည်သာရပ်ကွက်၊ အစိုးရနည်းပညာစက်မှူအထက်တန်းကျောင်းသို့ ပြောင်းရွေ့ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဗန်းမော် မြို့တွင်း၊ မြို့ပြင် ဝင်ထွက်စစ်ဆေးရေးများကို လုံခြုံရေးအရ တင်းကြပ်ထားကြောင်း သိရသည်။

အလားတူ ဗန်းမော်မြို့ လေဆိပ်ကိုလည်း ယမန်နေ့၊ နံနက်ပိုင်းက KIA၊ PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်ဆီးခဲ့သဖြင့် လေကြောင်းလိုင်းများကိုလည်း ရက်အကန့်သတ်မရှိ ပိတ်ထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း၌ မတ်လ ၇ ရက်နေ့၊ နံနက်အစောပိုင်းတွင် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနား – ဗန်းမော်သွားလမ်းပိုင်းရှိ တပ်မတော် စခန်းများကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ တစ်ပြိုင်ထဲ တိုက်ခိုက်ခဲ့၍ တိုက်ပွဲများပြင်းထန်နေပြီး၊ အလားတူ ဗန်းမော်ခရိုင်အတွင်းရှိ တပ်စခန်းများကို တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လျက် ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။