Trending Now

ပုသိမ်မြို့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒ ထုတ်ဖော်မှုတစ်ခု ပြုလုပ်

Spread the love

ပုသိမ်မြို့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒ ထုတ်ဖော်မှုတစ်ခု ပြုလုပ်

EPN
ဧရာဝတီ ၊ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်အားဆန့်ကျင်ကန့်ကွက် ရှုတ်ချသည်ဟုဆိုကာ လူတချို့က ဆန္ဒထုတ်ဖော်မှု လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်တွင် ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူအင်အား ၂၀ ဦးခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့ခံ တစ်ဦးကပြောသည်။

”ဆန္ဒပြသူတွေက ပါးစပ်ကလည်း အော်တယ်၊ စစ်တပ်ကိုပဲ ထောက်ခံတယ်တဲ့ ၊ အခုလာ ဆန္ဒပြခဲ့တဲ့သူတွေက ပုသိမ် ဒေသခံတွေမဟုတ်ဖူး၊ ရွာဘက်တွေကလို့ ထင်တယ်၊ PDF လည်း အလိုမရှိဘူး၊ NUG လည်း အလိုမရှိဘူးတဲ့၊ နောက်ပြီး ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက် ကိုလည်း ကန့်ကွက်တယ်တဲ့၊ လူသိပ် မများပါဘူး၊ရဲတွေနဲ့ စစ်သားတွေလည်း လာသွားတာ တွေ့ရတယ်၊ ခဏလာ စောင့်ပေးသွားတာ၊ ဆန္ဒပြသူတွေလည်းပြန်တော့ သူတို့လည်း ပြန်သွားတာ တွေ့ရတယ် ”ဟု၎င်း ကပြောသည်။

ယင်း ဆန္ဒထုတ်ဖော်ပွဲတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို အလိုမရှိ၊ အချုပ်အခြာအာဏာထိပါးသူ ဒို့ရန်သူ၊အကြမ်းဖက် PDF အလိုမရှိ စသည့် စာသားများပါသည့် ဗီးနိုင်းနှင့် ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်သည် ဧရာဝတီတိုင်းတွင် ပထမဆုံး ပြုလုပ်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းကလည်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးရှေ့တွင်လည်း ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အမေရိကန်အစိုးရကို ဆန့်ကျင် ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သူရ
Photos: Moe Win


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။