Trending Now

ကိုဗစ်ကပ်ကျော် မြတ်ဘုန်းမော် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဓါတ်တော် မွေတော် သွင်းခြင်းနှင့် အနေကဇာတင် ပူဇော်ပွဲပြီးမြောက်

Spread the love

ကိုဗစ်ကပ်ကျော် မြတ်ဘုန်းမော် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဓါတ်တော် မွေတော် သွင်းခြင်းနှင့် အနေကဇာတင် ပူဇော်ပွဲပြီးမြောက်
EPN
ဟိုပင်၊ ဖေဖေါ်ဝါရီ ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာအုပ်စု ဘုန်းကြီးစခန်းကျေးရွာ အနီး ရေပူစမ်းရှိ အောင်မြေတံခွန် ဆုတောင်းပြည့် စေတီတော်မြတ်တည်ရှိရာ တောင်တော်မြတ်ရှိ ရင်ပြင်တော်ပေါ်တွင် ရေပူစမ်းဆရာတော် အရှင်ပညာဇောတ ဦးစီး၍ ခုနှစ်ရက်သား တပည့်ဒါယကာ ဒါယိကာမအပေါင်းမှ ဘုရားအမှူးရှိကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် အဖိုး အဘွား မိဘဆွေမျိုးများအား ရည်စူး၍ စုပေါင်းကာ ကိုဗစ်ကပ်ကျော် မြတ်ဘုန်းမော်(အာဘယမုဒြာ)ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာပိတ်ပွဲနှင့် အနေကဇာတင် ပူဇော်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါရင်ပြင်တော်ပေါ်တွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာအခါတော်ကျရောက်ချိန်တွင် ဦးစီးပဓာနဆရာတော် အရှင်ပညာဇောတမှ ကိုဗစ်ကပ်ကျော် မြတ်ဘုန်းမော် ရပ်တော်မူဗုဒ္ဓရုပ်ပွားမြတ်ကြီး အတွင်းအပူဇော်ခံ ထားရှိမည့်ဓါတ်တော်မွေတော်များနှင့် ဌာပနာပစ္စည်းများကို ခုနှစ်ရက်သား/သမီးအပေါင်း အလှူရှင်များနှင့်တကွ ရပ်တော်မူ ရုပ်ပွားတော်ကြီးအား လက်ယာရစ် (၇)ကြိမ် လှည့်လည်ပူဇော်ပြီးနောက် ထည့်သွင်းပူဇော်ခဲ့သည်။
၎င်းနောက် ကြွရောက်လာသည့် ဆရာတော်သံဃာအရှင်သူမြတ် အပေါင်းတို့မှ စုပေါင်းကာ အနေကဇာတင်မြောက် ပူဇော်ကြသည်။ ဆက်လက်၍ အလှူရှင်များမှ လှူဖွယ်၀တ္တူ အသီးသီးကို ကြွရောက်လာသည့် ဆရာတော်သံဃာတော် အရှင်သူမြတ် ၃၇ ပါးနှင့် သီလရှင်ဆရာလေး(၅) တို့အား လှူဒါန်းဆက်ကပ်ပြီးနောက် ရေပူစမ်းပဓာနနာယက ဆရာတော် အရှင်ပညာဇောတမှ တရားဓမ္မချီးမြှင့်ခဲ့သည်။
ကိုဗစ်ကပ်ကျော် မြတ်ဘုန်းမော် ဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဌာပနာထည့်သွင်း ခြင်းနှင့် အနေကဇာတင် ပူဇော်ရေစက်ချ တရားနာအောင်ပွဲ အပြီးတွင် အလှူရှင်များမှ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အဟာရဒါန နေ့ဆွမ်းဆက်ကပ်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်တော်မူ ကိုဗစ်ကပ်ကျော် မြတ်ဘုန်းမော် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှာ ဥာဏ်တော်(၁၈)တောင်၊ ၂၇ ပေအမြင့်ဆောင်ပြီး ဟိုပင်ရေပူစမ်းအနီး နလန်(နွားလန်)တောင်ပေါ်ရှိ အောင်မြေတံခွန် ဆုတောင်းပြည့် စေတီတည်ရှိရာ မင်္ဂလာတောင်တော်ရင်ပြင်ပေါ်တွင် သတ္တဝါအပေါင်းအား မေတ္တာတရားဖြင့်ကယ်တင်ရန်အတွက် ၁၃၈၂ ခုနှစ် တပိုတွဲလဆန်း(၁၄)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရွာသစ်ကြီးမြောက်ကျောင်း ဆရာတော်အားကြီးမှူးကာ သံဃာတော် ၉ ပါးနှင့်တကွ ဘုန်းကြီးစခန်းရွာ ဒကာ ဒကာမများနှင့် ပန္နတင် မင်္ဂလာစတင်ခဲ့ပြီး ယနေ့အချိန်တွင် ပြီးစီးအောင်ခဲ့ကြောင်း ပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
စိုးဝင်းထွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။