Trending Now

စားအုန်းဆီ ရည်ညွှန်းဈေး ၆၀၀၀ ဝန်းကျင် သတ်မှတ်ထားသော်လည်း ဆီလုပ်ငန်းရှင်များ၏ ဝယ်ယူဈေးနှုန်းမှာ ၈၀၀၀ ကျော်ပေးဝယ်နေရသည့်အပြင် လိုသလောက်ဝယ်မရ ဖြစ်နေ

Spread the love

စားအုန်းဆီ ရည်ညွှန်းဈေး ၆၀၀၀ ဝန်းကျင် သတ်မှတ်ထားသော်လည်း ဆီလုပ်ငန်းရှင်များ၏ ဝယ်ယူဈေးနှုန်းမှာ ၈၀၀၀ ကျော်ပေးဝယ်နေရသည့်အပြင် လိုသလောက်ဝယ်မရ ဖြစ်နေ

EPN
မြစ်ကြီးနား ၊ဇွန် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စားအုန်းဆီ ရည်ညွှန်းဈေးကို ၅၆၄၅ ကျပ် သတ်မှတ်ထားသော်လည်း မြစ်ကြီးနားမြို့ရှိ ဆီလုပ်ငန်းရှင်များ၏ ဝယ်ယူဈေးနှုန်းမှာ ၈၀၀၀ ကျော် ပေးဝယ်နေရသော်လည်း လိုသလောက်ဝယ်မရဖြစ်နေကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရသည်။

“အခုလက်ရှိမှာ စားအုန်ဆီ ဈေးနှုန်းက ၈၇၀၀ ပေါက်တယ် ဝယ်ရင်းဈေးကိုက တစ်ပုံးကို ၉၀၀၀၀ နီးပါးဖြစ်နေတော့ ဒီတစ်ပတ်အတွင်း ဈေးပြန်တက်လာတယ်လို့ ပြောလို့ရတယ် ဒါတောင်လိုသလောက်ဝယ်လို့မရတာ တစ်လလောက်ရှိပြီး”ဟု မြစ်ကြီးနားမြို့ရှိ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်းအပေါ် အခြေခံ၍ ဇွန်လ ၁၃ ရက်မှ ဇွန်လ ၁၉ ရက်အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ် ဈေးနှုန်းအတိုင်း စားအုန်းဆီတစ်ပိဿာလျှင် ၅၆၄၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ ရည်ညွှန်းဈေးသတ်မှတ်ထားသော်လည်း မြစ်ကြီးနားမြို့တွင် စားအုန်းဆီများ ဈေးနှုန်းမြင့်တက်လာခဲ့သည်မှာ ၂လခန့် ရှိလာသည့်အပြင် ဈေးနှုန်းကွာဟမှု မရှိသည့်အတွက် ပဲဆီကို ပြောင်းလဲအသုံးပြုသူ များပြားလာသလို စားအုန်းဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဆီ‌ကြော် လုပ်ငန်း လုပ်ကိုင်နေသည့် လက်ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များအနေဖြင့် အခက်အခဲရှိနေကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

“စားအုန်းဆီက ဟို့အရင်ကဆို ၂၀၀၀ကျော် ၃၀၀၀လောက်ဘဲ ရှိတာ အခုနောက်ပိုင်း အဆမတန်မြင့်တက်လာတော့ ဆီကျော် လုပ်ငန်း‌တွေဖြစ်တဲ့ အကြော်ဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေ အကြော်အမျိုးစုံ လုပ်နေတဲ့သူတွေလည်း မကိုက်တော့ဘူး မုန့်တွေကို ဈေးနှုန်းတင်ရောင်းရတာတွေရှိတယ် အဲ့လိုတင်တော့ စားသုံးသူတွေအတွက် အဆင်မပြေသလို ကျွန်တော်တို့လည်း အဆင်မပြေဘူး”ဟု လက်ဘက်ရည်ဆိုင်ရှင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်မှစတင်ပြီး ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာထားသော်လည်း သယ်ယူစရိတ်များကြောင်း ပြည်နယ်များတွင်း စားအုန်းဆီဈေးကွက်မှာ တည်ငြိမ်ခြင်းမရှိကြောင်းသိရသည်။

မြစ်ကြီးနားမြို့ပေါ်တွင် စားအုန်းဆီအမျိုးမျိုး လက်လီလက်ကား ရောင်းချနေသည့် ဆီဆိုင်လုပ်ငန်း လေးဆိုင်ခန့် ရှိနေပြီး တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးနှုန်းတူညီမှုများ မရှိကြောင်းနှင့် လက်ရှိစားအုန်းဆီဈေးနှုန်းများမှာ ပဲဆီ ၁ ပိဿလျှင် တစ်သောင်းကျပ်၊ မုန့်ညှင်းဆီ ၁ပိဿလျှင် တစ်သောင်းကျပ်နှင့် စားအုန်းဆီ ၁ ပိဿလျှင် ၈၇၀၀ကျပ်တို့ဖြစ်ကြောင်းသိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။