Trending Now

ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခု မြေပြိုမှုကြောင့် ရေမဆေးသမားနှစ်ဦး သေဆုံး

Spread the love

ဖားကန့်မြို့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခု မြေပြိုမှုကြောင့် ရေမဆေးသမားနှစ်ဦး သေဆုံး

EPN

မြစ်ကြီးနား၊ နိုဝင်ဘာ ၃၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ လုံးခင်းအုပ်စု၊ မှော်စီစာ သာယာကုန်းကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း တစ်ခုမြေပြိုမှုကြောင့် မြစ်ကြီးနားဒေသခံ ရေမဆေးသမား ၂ ဦး သေဆုံးခဲ့သည့် ဖြစ်စဥ်တစ်ခု ယမန်နေ့ နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သေဆုံးသူအမျိုးသားနှစ်ဦးမှာ မှော်စီစာ သာယာကုန်းကျေးရွာနှင့် မလောင်ကျေးရွာကြားရှိ စိမ်းလဲ့အောင်ကုမ္ပဏီ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်နေရာတွင် ကျောက်တူးသွားရာမှ မြေစာပြိုကျတွင် ပါသွားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“သူတို့က အရင်က စိမ်းလဲ့အောင် ကုမ္ပဏီက လုပ်ထားတဲ့ လုပ်ကွက်အဟောင်းနေရာမှာ သွားတူးကြတာ အဲဒီမှာ မြေစာပြိုကျခဲ့တာ၊ နှစ်ယောက်လုံး မြေပြိုကျတဲ့အထဲပါသွားပြီး သေဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်ခန့် ဦးအဒီးနှင့် အသက် ၃၉ နှစ်၊ ဦးယာဘီဘိုးတို့ ဖြစ်ကြောင်း သေဆုံးသူ၏ ဆွေမျိုးတစ်ဦးထံမှ သိရသည်။

“အခုဆုံးသွားတဲ့ထဲက ကိုယာဘီဘိုးဆိုရင် မိဘအပေါ် အရမ်းသိတက် လိမ္မာတဲ့အကိုပါ၊ မိန်းမတောင်မယူပဲ မိဘကို ရှာကျွေးနေ တဲ့ သားလိမ္မာပါ အခုလို အဖြစ်ဆိုးမျိုးနဲ့ကြုံရတော့ သူ့မိဘတွေလည်း အရမ်းစိတ်မကောင်း ဖြစ်နေရတယ်”ဟု ၎င်းက ပြောပြသည်။

သေဆုံးသူ ဦးအားဒီးနှင့် ဦးယာဘီဘိုး နှစ်ဦး၏ ရုပ်အလောင်းကို လူမူကူညီရေးအသင်းတစ်ခုမှ ယမန်နေ့၌ပင် ဖားကန့်မှ မြစ်ကြီးနားရှိ ၎င်းတို့၏ မိဘများရှိရာသို့ ပို့ဆောင်ပေးခဲ့ပြီး နံနက်ပိုင်းတွင် သင်္ဂြိုလ်ခဲ့ကြကြောင်း သိရသည်။
ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

လင်းယုန်
ဓါတ်ပုံ ပုံဟောင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။