Trending Now

ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ လျှပ်စစ်ဓာတ်အား များများ ထုတ်ပေးပါ

Spread the love

 

 
ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ လျှပ်စစ်ဓာတ်အား များများ ထုတ်ပေးပါ
 

EPN
ဆောင်းပါး၊ ဇွန် ၁၇

(ဗိုလ်ကျရေးသည်)
ကမ္ဘာပေါ်မှာ နေရာဒေသလိုက်ပြီး သင့်လျော်ရာ စွမ်းအင်တွေကို ကိုယ့်နိုင်ငံကိုယ် လိုက်လျောညီထွေ ဖြစ်အောင် စီမံခန့်ခွဲ ထုတ်ယူအသုံးပြုကြပါတယ်။ ရေသယံဇာတ၊ ဓာတ်ငွေနှင့် ရေနံသယံဇာတ၊ ကျောက်မီးသွေးသယံဇာတ အစရှိတဲ့ သယံဇာတတွေထဲက ကိုယ့်နိုင်ငံဒေသနှင့် လိုက်လျောညီထွေ ဖြစ်တဲ့ သယံဇာတတွေထဲကဖြစ်စေ၊ ရောစပ်ပြီးဖြစ်စေ စွမ်းအင်အဖြစ်သို့ ပြောင်းလဲ အသုံးချနေကြတာ ကို တွေ့ရပါတယ်။ ယခင် ၂၀ ရာစုမတိုင်ခင် အချိန်ကာလကနေ ယနေ့အချိန်အထိ ရှိရင်း သယံဇာတ တွေကို အသုံးချပြီး စွမ်းအင်အမျိုးမျိး ထုတ်ယူခဲ့ကြနေတာကိုလည်း တွေ့ရပါတယ်။
အခုခေတ် ချမ်းသားတဲ့ နိုင်ငံတွေကို ကြည့်ရင် ဟိုအရင်ကတည်းက လျှပ်စစ်ဓာတ်အားကို ပုံစံအမျိုးမျိုး နဲ့ တီထွင်ကြံဆခဲ့လို့ပဲဆိုတာ အခုလက်တွေ့ ချမ်းသားကြွယ်ဝမှုတွေကို ကြည့်ရင် ငြင်းစရာမရှိပါဘူး။ ၂၀ ရာစု ရောက်လာတော့ လျှပ်စစ်က မရှိမဖြစ် လိုအပ်လာတဲ့အချိန်မှာ နိုင်ငံတွေ အရင်ဆုံး စဉ်းစား ကြတာက လျှပ်စစ်ဓာတ်အား များများထွက်အောင်လုပ်ရမယ်၊ ဈေးနှုန်းသက်သာရမယ်၊ ရေရှည်ခံရ မယ် ဆိုတဲ့ အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီအချက်သုံးချက်ဟာ ယခင် နှစ်ပေါင်း ၃၀ ကျော်က ထည့်တွက်ခဲ့ရတဲ့ အချက်တွေဆိုပေမယ့် ဒီနေ့ကာလမှာလည်း အဲဒီအချက်တွေကို အခြေခံပြီး လျှပ်စစ်စက်ရုံတွေ တည်ဆောက်ကြတာကို တွေ့ရပါတယ်။ လျှပ်စစ် ဓာတ်အားထုတ်ယူကြတဲ့ စက်ရုံတွေ တည်ထောင်တဲ့နေရာမှာ တိုးမြင့်နေတဲ့ ဓာတ်အားလိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်မှု၊ ဖြန့်ချီရေးဈေးနှုန်းသာသာမှုနှင့် ရေရှည်ကြံ့ခိုင်မှု စတဲ့ အချက်တွေနဲ့ ညီညွတ်မှသာလျှင် အဲဒီနိုင်ငံအတွင်း ပြီးပြည့်စုံတဲ့ ဓာတ်အားသုံး စွဲမှုရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံ တစ်ခု ဖွံ့ဖြိုးမှုရှိမရှိဆိုတာကို တိုင်းတာရာမှာ အဲဒီနိုင်ငံအတွင်း လျှပ်စစ် ဓာတ်အား ဘယ်လောက်သုံးစွဲ ကြသလဲဆိုတဲ့ အချက်တွေနဲ့ နှိုင်းယှဉ်ကြတယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။
အမှန်တကယ်မှာလည်း တိုင်းပြည်တည်ထောင်ဖို့နဲ့ ကုန်ထုတ်လုပ်မှု မြှင့်တင်ဖို့ အဓိက အခြေခံကျတဲ့ အုပ်မြစ်က လျှပ် စစ်ဓာတ်အားပဲ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာမှာ အဘက်ဘက်အချမ်းသာဆုံး နိုင်ငံတွေကို ကြည့်မယ်ဆိုရင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ကလည်း ထိပ်သည်းနေရာမှာ ရှိနေတာကို တွေ့ရပါတယ်။ လျှပ်စစ်ဓာတ်အားအတွက် နည်းလမ်းမျိုးမျိုး နဲ့ ထုတ်ယူကြတာတွေ့ရပါတယ်။ နျူကလီယားစွမ်းအင်၊ ရေအားစွမ်းအင်၊ ကျောက်မီးသွေးစွမ်းအင်၊ နေစွမ်း၊ သဘာဝဓာတ်ငွေ့၊ ရေနံနှင့် လေစွမ်းအင်စတဲ့ ရင်းမြစ်တွေကနေ ထုတ်ယူအသုံးပြုကြတာကို တွေ့ရပါတယ်။ ဘယ်ပုံစံတွေနဲ့ပဲဖြစ်ဖြစ် အထက်မှာ ဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ ဓာတ်အား များများထွက်ခြင်း၊ ဈေးနှုန်းသက်သာခြင်းနှင့် ရေရှည်ခံခြင်း စတဲ့အချက်တွေ ချင့်ချိန်ပြီး စက်ရုံတွေ တည်ဆောက်ကြ တာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်နည်း ပုံစံတွေ အများအပြားရှိနေတဲ့ထဲကမှ ဖွံ့ဖြိုးပြီး ချမ်းသာတဲ့ နိုင်ငံတွေ ကတော့ ရေအားကို အခြေခံပြီး ထုတ်လုပ်အသုံးပြုကြတာကို တွေ့ရပါတယ်။ ယနေ့ ကမ္ဘာ့မြေထုကို ရေအရင်းအမြစ်ဖြင့် ရာခိုင်နှုန်းအများဆုံးနေရာယူ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ဘယ်နိုင်ငံမှာမဆို နိုင်ငံအတွင်း အကြွယ်ဝဆုံး သယံဇာတကို ပြောရမယ်ဆိုရင် ရေသယံဇာတဖြစ်တယ်လို့ ဆိုရပါမယ်။ နိုင်ငံတိုင်းမှာ မူရင်းရှိတဲ့ အဖိုးတန်သယံဇာတတစ်ခုဖြစ်တဲ့ ရေသယံဇာတကို အသုံးပြုပြီးတော့ လူသား တွေအတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။
လက်ရှိ ကမ္ဘာမှာ ချမ်းသာဆုံးဖြစ်တဲ့ နိုင်ငံတွေဟာ လျှပ်စစ်ကို အလျှံအပယ်အသုံးပြုနေကြတာကို တွေ့ရပါတယ်။ အဲလိုလျှပ်စစ်တွေ အလျှံအပယ်ရနိုင်ဖို့ကလည်း နည်းလမ်းတစ်ခုတည်းသာရှိပါတယ်။ အဲဒါကတော့ နဂိုမူလအတိုင်းဖြစ်တည်နေတဲ့ ရေသယံဇာတတွေကို အလဟတမဖြစ်စေဘဲ ရေအရင်း အမြစ်ကို မှန်မှန်ကန်ကန် အသုံးချတတ်ရခြင်းရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ ရေအားလျှပ်စစ်နည်းပညာတွေ  ဘယ်လောက်ပဲပြောင်းတယ်ပြောပြော ရိုးရှင်းတဲ့ လျှပ်စစ်ထုတ်လုပ်မှုဖြစ်တာကြောင့် ရေသယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတွေက ရေအားလျှပ်စစ်ကိုပဲ ဦးစားပေးကြတာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် International Hydropower Associatoin (IHA) အစီရင်ခံစာအရ ပြန်ပြည့်မြဲစွမ်းအင် ထဲမှာ ရေအားလျှပ်စစ်ဟာ ၇၁ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ ဖေါ်ပြထားပါတယ်။ ကမ္ဘာမှာလည်း တပ်ဆင်စက်အင်အား ၁၀၆၈ GW( Gigawatt) အထိ ရောက်ရှိလာပြီး နှစ်စဉ် ၄ ရာခိုင်နှုန်းအထိကို တိုးတက်လာတယ်လို့ ဆိုထားပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာတော့ တစ်ကမ္ဘာလုံး ရေအားလျှပ်စစ် တပ် ဆင်အင်အားဟာ ၂၀၅၀ GW( Gigawatt) ရှိလာမယ်လို့ ဆိုလို့ရပါတယ်။
ဒါကြောင့် ချမ်းသာတဲ့ နိုင်ငံတွေဟာ မိမိတို့ ပိုင်ဆိုင်ထားတဲ့ ရေသယံဇာတတွေကို ဒီအတိုင်းမထားရှိ လူသားတွေအတွက် အကျိုးဖြစ်စေတဲ့ နည်းလမ်းအဖြစ် အသုံးပြုကြတာဖြစ်ပါတယ်။ အရိုးရှင်းဆုံး ပြောရရင် မြစ်ချောင်း၊ အင်းအိုင်တွေကို ကောင်းတဲ့ဘက်က စီမံခန့်ခွဲပြီးတော့ လက်တွေအသုံးချကာ လူသားတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြားက ပဋိပက္ခ ဖြေရှင်း နိုင်တာကို တွေ့ရပါတယ်။
ဒါပေမယ့် ဖံ့ွဖြိုးဆဲ နိုင်ငံတွေမှာတော့ ရေသယံဇာတ နည်းပါးတဲ့ ပဋိပက္ခဟာ စိန်ခေါ်မှုကြီး တစ်ခုလိုရှိနေပါတယ်။ တစ်ချို့ ရေအရင်းအမြစ် ကြွယ်ဝတဲ့ နိုင်ငံတွေဆိုလဲ ရှိပြီးသား ရေသယံဇာတ တွေကို ကောင်းကောင်းမစီမံနိုင်လို့ စီးပွားရေး ဖွံ့ဖြိုးတက်မှုနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကြားမှာ ရှိတဲ့ ပဋိပက္ခတွေကို အဖြေရှာဖို့ ခက်ခဲနေကို တေ့ွရပါတယ်။ ဒါကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတွင်း လျှပ်စစ်မီးဟာ မရှိမဖြစ်လိုအပ်နေတဲ့နည်းတူ အဲဒီလျှပ်စစ်မီးကို ဘယ်ကနေ ထုတ်ယူရမလဲ ဆိုတဲ့အချက်ကို တွေဝေမနေဖို့ လိုပါတယ်။
လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးနေရာမှာရှိနေတဲ့ အမေရိကန်၊ တရုတ်နိုင်ငံ၊ ဘရာဇီး၊ ကိုလံဗီယာ၊ ဗင်နီဇွဲ လား၊ ကနေဒါ စတဲ့ နိုင်ငံတွေဟာ မိမိနိုင်ငံမှာရှိတဲ့ ရေအရင်းအမြစ်တွေကို ထုတ်ယူအသုံးပြုနေခြင်း ကြောင့် အခုလို ရပ်တည်နေနိုင်ကြတာတွေ့ရပါတယ်။ (IHA)ရဲ့ ဖေါ်ပြချက်အရ ၂၀၁၅ ခုနှစ် ရေအရင်းအမြစ်ပိုင်ဆိုင်မှုနှင့် ထုတ် လုပ်မှုသုံးစွဲအရ အမေရိကန်ဟာ ၅၂ ရာခိုင်နှုန်း၊ ဘရာဇီး ၄၈ ရာခိုင်နှုန်း၊ နော်ဝေ ၄၅ ရာခိုင်နှုန်း၊ တရုတ် ၄၁ ရာခိုင်နှုန်း၊ ကနေဒါ ၃၂ ရာခိုင်နှုန်း ရှိပါတယ်။ မြန်မာနိုင်ငံကတော့ အဲဒီခုနှစ်ရဲ့ ဖေါ်ပြချက် အရ ရေအရင်းအမြစ်အသုံးပြုတာ ၄ ရာခိုင်နှုန်းသာ ရှိနေတာကို တွေ့ရပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေအရင်းအမြစ်ကို အသုံးပြုနိုင်ဖို့က အဓိက အက္ခရာကျနေတယ်ဆိုတာ မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်နောက် ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို အရှိန်အဟုတ်မြှင့်တင်ပေးနိုင်ဖို့ ရေအားလျှပ်စစ်ကို တိုးပြီးထုတ် လုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အရောက်မှာ သုံးဆတိုးတက်ခဲ့ပါတယ်။ ၁၅ နှစ်အတွင်း နိုင်ငံရဲ့ ရေအား လျှပ်စစ်ကို သုံးဆတိုးပြီး ထုတ်ခဲ့နိုင်တာဟာ တရုတ်ပြည်စီးပွားရေးကို အဓိကမောင်းနှင်အားဖြစ်စေ ခဲ့ တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံသည် အရင်းအမြစ်ပေါကြွယ်ဝတာဟာ ရေအရင်းအမြစ်ဖြစ်သဖြင့် အဲဒီအရင်းအမြစ်တွေကို ပိုမို အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ သို့ပေမယ့် ရေအရင်းအမြစ်ကို လက်တွေ့အသုံးမချနိုင်သေး၍တော့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း အင်မတန်မှကို နည်းပါးလွန်းမှာဖြစ်ပါတယ်။ လက်ရှိ မြန် မာနိုင်ငံရဲ့ လေးဆယ်ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးကို ရရှိနိုင်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အ တွက်ဆိုတာ ရာခိုင်နှုန်းများစွာ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၂၀၀၀၀ ကျော်ရှိ ပေမယ့် အမှန်တကယ်ထုတ်လုပ်နိုင်သည့် ပမာဏသည် မဂ္ဂါဝပ် ၃၀၀၀ ကျော်သာ ထုတ်ယူနိုင်တယ်လို့ ဆိုပါ တယ်။

လျှပ်စစ်ဓာတ်အားသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေရဲ့ လူမှုဘဝ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက အရေးပါတဲ့ ယန္တရားဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပြည်သူတွေက လျှပ်စစ်ဓာတ်အားများများသုံးစွဲနိုင်မှာသာ ဆင်းရဲနွမ်းပါးမှုကနေ လျင်လျင်မြန်မြန် လွတ်မြောက်နိုင်မှာ ဖြစ်ပါကြောင်း ဖေါ်ပြလိုက်ရပါတယ်။

ဗိုလ်ကျ
ကိုးကား- စွမ်းအင်နဲ့ လျှပ်စစ်ကို ကမ္ဘာကြည့်ကြည့်မယ်(မော်သာထွေး-မန္တလေး)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။