Trending Now

မြစ်ကြီးနားမြို့တွင် ဒုတိယအကြိမ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလူသစ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

Spread the love

မြစ်ကြီးနားမြို့တွင် ဒုတိယအကြိမ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလူသစ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ မေ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့၊ မေလ (၁၄)ရက်နေ့က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းခွဲအမှတ် (16) မှ ဦးစီးကာ ဒုတိယအကြိမ်အဖြစ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလူသစ်တန်း ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရင်းနီးချစ်ခင်မှု ရရှိစေရန်အတွက်နှင့် လူငယ်များ အားကစားဘက်တွင် စိတ်ဝင်စားလာပြီး၊ မူးယစ်ဆေးဝါးဘက်ကို စိတ်ဝင်စားမှု ပပျောက်လာစေရန်ရည်ရွယ်ကာ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အဓိက ကတော့ ဘာသာတွေတစ်ခုနဲ့ တစ်ခု၊ လူမျိုး တစ်ခုနဲ့ တစ်ခု ရင်းနီးချစ်ခင်လာဖို့ ချစ်ကြည်ရေးပွဲလေး အနေနဲ့ ဆောင်ရွက်ကျင်းပတာဖြစ်တယ်။ နောက်ပြီး လူငယ်တွေ မှုးယစ်ဆေးဘက်မှာ မရောက်ဖို့၊ အားကစားနဲ့ ဆွဲခေါ်တဲ့ သဘောနဲ့လည်း ရည်ရွယ်ပါတယ် ” ဟု ၎င်းကပြောသည်။

ယင်းဘောလုံးပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ အသင်းများဖြစ်ကြသည့် Thunder အသင်း၊ စည်ပင် အသင်း၊ မေတ္တာဦးအသင်း၊ Team Magic အသင်း၊ One F.C အသင်း၊ ချယ်ရီအားမာန် အသင်း၊ ဇေယျာ အသင်းနှင့် မျိုးဆက်သစ် အသင်း စုစုပေါင်း အသင်း (၈)သင်းမှ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို (၄) သင်း တစ်အုပ်စုဖြင့် မေလ (၁၄)ရက်နေ့မှ စတင်ကာ မေလ (၃၀)ရက်နေ့အထိ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ဒုတိယအကြိမ်အဖြစ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလူသစ်တန်းဘောလုံးပြိုင်ပွဲတွင် ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်နှင့် အခြားဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။