Trending Now

ဖုန်ကန်ရာဇီ ရေခဲတောင်သို့သွားရန် အထက်ဆန်ဂေါင် – လုံနဒမ်း – ဇီယာဒမ်းလမ်းပိုင်း ဖောက်လုပ်နေ

Spread the love

ဖုန်ကန်ရာဇီ ရေခဲတောင်သို့သွားရန် အထက်ဆန်ဂေါင် – လုံနဒမ်း – ဇီယာဒမ်းလမ်းပိုင်း ဖောက်လုပ်နေ

EPN
ပူတာအို၊ ဖေဖော်ဝါရီ ၁၉ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သို့သွားရောက်ရန် အထက်ဆန်ဂေါင် – လုံနဒမ်း – ဇီယာဒမ်းလမ်းပိုင်းအား ဖောက်လုပ်လျက်ရှိရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၆ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်လမ်းဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ မြေသားပြုပြင်၍ ၃၄ ပေအကျယ် အမာခံကျောက်ခင်း ကြိတ်နေမှု၊ တောင်နံရံဖြို၍ လမ်းသားတိုးချဲ့နေမှုနှင့် သံကူကွန်ကရစ် ရေကျော်တံတားများ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၎င်းအပြင် လမ်းပိုင်းပေါ်၌ မူလာချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်မည့် နေရာများ၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (တံတားတည်ဆောက်ရေး)အဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှည် (၂၄၀)ပေရှိ မူလာချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် လမ်းပိုင်းအား တာဝန်ယူဖောက်လုပ်နေသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည် နယ်ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြရာ ပြည် နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရန်နှင့် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းအား ကျေးရွာ (၈)ရွာမှ လူဦးရေ (၁၁၃၉)ဦးအတွက် အကျိုးဖြစ်ထွန်းစေရန်နှင့် ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ ရေခဲတောင်များ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။