Trending Now

ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး ကျင်းကမ်းပါးယံပေါ်မှ ပြုတ်ကျ၊ ပွဲချင်းပြီး သေဆုံး

Spread the love

ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး ကျင်းကမ်းပါးယံပေါ်မှ ပြုတ်ကျ၊ ပွဲချင်းပြီး သေဆုံး

EPN
ဖားကန့်၊ ဇူလိုင် ၁

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဖားကန်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စုအတွင်း ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ရေမဆေးကျောက် ရှာဖွေသူ တစ်ဦး ကျောက်စိမ်းတွင်း ကျင်းကမ်းပါးယံမှ ပြုတ်ကျခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ ဖားကန့်မြို့နယ် ဝှေခါကျေးရွာ၊ မှော်သစ်ကုန်းရပ်ကွက်(၇) နေထိုင်သူ အသက် ၂၀ ခန့် အရွယ် မောင်သိန်းဒု ဆိုသူဖြစ်ပြီး ၎င်းသည် ယနေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ရာသီချိန်သိမ်း လုပ်ငန်းရပ်နား ထားသည့် ရတနာကြယ် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်ရှိ ကျောက်စိမ်းတူးဖော်ရေးကျင်း ကမ်းပါးယံမှ ပြုတ်ကျခဲ့သဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ မောင်သိန်းဒု သည် အဆိုပါ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက် အမြင့်ပေ (၁၅၀)၊ အကျယ် ပေ (၂၀) ခန့်ရှိ ကျင်းကမ်းပါးယံ ပြိုကျရာတွင် မြေစာများနှင့်အတူ ပါဝင်ပြုတ်ကျခဲ့ပြီး ဒဏ်ရာများ ပြင်းထန်စွာရရှိကာ နေရာတွင် ပွဲချင်းပြီး သေဆုံးရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စုအတွင်း ယခုနှစ် မိုးတွင်း တစ်လကျော်ကာလအတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များတွင် ပြုတ်ကျသေဆုံးသူ၊ ကျောက်ခဲထိမှန်သေဆုံးသူ၊ ရေနှစ်သေဆုံးသူ၊ ရေမဆေးကျောက်ရှာရင်း မတော်တဆ သေဆုံးသူ စုစုပေါင်း ၁၀ ဦးအထိ ရှိကြောင်း ဆိပ်မူရဲကင်းစခန်းမှ သိရသည်။

ထို့အပြင် ယခုနှစ်အတွင်း ဖားကန့်ကျောက်စိမ်းမှော်ဒေသတစ်ခုလုံးတွင် ယင်းကဲ့သို့ ဖြစ်ရပ်များကြောင့် သေဆုံးသူ စုစုပေါင်း ၄၀ ခန့် ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။

နောနော်
ဓါတ်ပုံ (ပြီးခဲ့သည့်ရက်ပိုင်းက ကမ်းပါးပြိုကျခဲ့သည့် ကျောက်စိမ်းတူးဖော်ရေး ကျင်းဟောင်းတစ်ခု)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။