Trending Now

တနိုင်းလမ်းပိုင်း ပျက်စီးမှုကြောင့် အသွားအလာ ရပ်တန့်ပြီး ကုန်ဈေးနှုန်း ထပ်မံမြင့်တက်မှာကို ဒေသခံများစိုးရိမ်နေ

Spread the love

တနိုင်းလမ်းပိုင်း ပျက်စီးမှုကြောင့် အသွားအလာ ရပ်တန့်ပြီး ကုန်ဈေးနှုန်း ထပ်မံမြင့်တက်မှာကို ဒေသခံများစိုးရိမ်နေ

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၁၅

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းလမ်းပိုင်း ဆိုးရွားစွာပျက်စီးလာသော်လည်း ပြုပြင်နိုင်ခြင်း မရှိသေးသည့်အတွက် ပြေးဆွဲနေသည့် ယာဉ်များ အသွားအလာ ရပ်တန့်ပြီး ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်မှာကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြကြောင်း တနိုင်မြို့ပေါ်ရှိ ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား-တနိုင်းလမ်းပိုင်းမှာ သြဂုတ်လအတွင်း မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း ပိုမိုဆိုးရွာလာနေသည့်အတွက် ပြုပြင်ခြင်းမရှိပါက ယာဉ်လိုင်းများ ယာယီရပ်နားရမည့် အခြေအနေများ ဖြစ်နေကြောင်း တနိုင်း-မြစ်ကြီးနားပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

“တနိုင်းလမ်းကတော့ အခုထိကို အဆင်မပြေသေးဘူး၊ ပိုဆိုးလာတယ်ပဲပြောရမှာ အခုက တစ်နေရာပဲဖြစ်တာမဟုတ်တော့ဘူးနေရာတိုင်းလိုကိုဖြစ်တာ၊ပြုပြင်ရမယ်ဆိုရင်တောင် အချိန်အတော်ပေးပြီးပြုပြင်ရတော့မှာ၊ ဒါကိုမပြုပြင်ပဲဆက်သွားနေရင်တော့ ကားတွေ ယာယီအသွားအလာပိတ်ရမယ့်အခြေအနေဖြစ်လာဖို့ရှိနေတယ်”ဟု တနိုင်း-မြစ်ကြီးနား ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ယခုလက်ရှိ တနိုင်းမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ငွေတိုးဆန်၂၄ ပြည် တစ်အိတ်လျှင် ၅၅၀၀၀ကျပ်၊ ပေါဆန်းမွေးတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိသာလျှင် ၁၆၀၀၀ ကျပ်၊ ဓာတ်ဆီတစ်လီတာလျှင် ၄၀၀၀ ကျပ်ထိ ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး လမ်းပိုင်းပျက်စီးမှုကြောင့် ထပ်မံမြင့်တက်လာမှာကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတောင်ဈေးတွေတက်လို့ ခေါင်းစားနေရပါတယ်ဆို၊အဲ့လိုလမ်းတွေက ဆက်ပြီးပျက်နေမယ်မပြုပြင်ဘူးဆိုရင်တော့ တနိုင်းမြို့မှာ ဈေးက တက်မှာပဲ၊ အခုဆို လမ်းတွေပိတ်ထားရတော့မယ် သွားလို့မရနိုင်တော့ဘူးဆိုပြီး ကြားနေရတယ်၊ ဒီလောက်ထိလမ်းတွေဆိုးနေတာကို တာဝန်ရှိသူတွေက ဘာလို့မပြုပြင်ပေးကြတာလဲမသိဘူး လမ်းပိတ်သွားရင်တော့ ဒီထက်ပိုပြီးဒုက္ခရောက်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

တနိုင်း-မြစ်ကြီးနားသွားလမ်းကို ပြီးခဲ့သည့်နှစ်အစောပိုင်းမှ ပြုပြင်ထားသော်လည်း ကျောက်ခင်းလမ်းမဟုတ်ပဲ မြေသားဖြင့်ပြုပြင်ထားသည့်လမ်းပိုင်းများရှိ‌နေပြီး အဆိုပါမြေသားလမ်းပိုင်း‌နေရာများတွင် မိုးရွာသွန်းမှုကြောင်း မကြာခဏ ပျက်စီးနေရခြင်းဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။