Trending Now

သန့်ရှင်းသော စွမ်းအင်

Spread the love

သန့်ရှင်းသော စွမ်းအင်

ဆောင်းပါးရှင် – ဗိုလ်ကျ

လက်ရှိကမ္ဘာပေါ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကော ဖွံ့ဖြိုးဆဲနိုင်ငံတွေကပါ လျှပ်စစ်ဓာတ်အားရရှိရေးကို နည်းလမ်းမျိုးစုံနဲ့ ထုတ်ယူအသုံးပြုနေတာကိုတွေ့ရပါတယ်။ ဒီလိုနည်းလမ်းမျိုးစုံနဲ့ ထုတ်ယူသုံးစွဲနေကြတဲ့ နည်းလမ်းထဲက ဘယ်လိုလျှပ်စစ်စက်ရုံတွေကရရှိတဲ့စွမ်းအင်သည် သန့်ရှင်းတဲ့စွမ်းအင်ကို ထုတ်လုပ်ပေးနိုင် သလဲဆိုတာကို အနည်းငယ်တင်ပြလိုပါတယ်။

တချို့ကတော့ သိပြီးသားလည်းဖြစ်သလို တချို့ကလည်း သိသိကြီးနဲ့ကို ကိုယ့်အကျိုးစီးပွား မထိခိုက်ရေး အတွက် မသိချင်ဆောင်နေတာလည်း ရှိတတ်ပါတယ်။ သန့်ရှင်းသောစွမ်းအင်လို့ဆိုတဲ့အခါ ဘယ်လိုအချက် တွေနဲ့ တိုင်းတာပြီးပြောမလဲဆိုရင် အဲဒီလျှပ်စစ် စက်ရုံကြောင့် လူတွေအတွက် ကျန်းမာရေးထိခိုက်မှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုမရှိခြင်းတွေအပြင် စက်ရုံကြောင့် အခြားသောဘေးထွက်ဆိုးကျိုး တွေမဖြစ်ပေါ်ဘဲ သဘာဝကနေရရှိတဲ့ စွမ်းအင်ထုတ်လုပ်နည်းပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သဘာဝကပေးတဲ့ သန့်ရှင်းသောစွမ်းအင်း ထုတ်လုပ်နည်းဆိုတာကတော့ ရေအားလျှပ်စစ်ပဲ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဟာ ရေစွမ်းအင်ကနေ ထုတ်ဖေါ်ထားတာဖြစ်လို့ကျောက်မီး သွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ တွေလို အိတ်ဇော်ငွေ့၊ အဖျင်းအမှော်နဲ့ စွန့်ပစ်ရေ အစရှိတဲ့ ရုပ်ကြွင်းကျောက်စွမ်းအင်တွေ ဖြစ်ပေါ်ဆုံးရှုံးမှု မရှိပါဘူး။ ရေဆိုတာဟာ လည်ပတ်သော ပြန်ဖြည့်နိုင်တဲ့ သဘာဝသယံဇာတဖြစ်ပါတယ်။ တောင်မြင့်မှ မြေပြန့်ဆီသို့ စီးဆင်းလာပြီး ပင်လင်တွေဆီ စီးဝင်သွားပါတယ်။ နေရောင်အောက်မှာကျတော့ ရေငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး မိုးရေ၊ ဆီးနှင်းအဖြစ် ကျလာပြန်ပြီး ရေအဖြစ်ပြန်လည် ဖြစ်ထွန်းလာတဲ့ သယံဇာ ဖြစ်ပါတယ်။ ဒီလိုစက်ဝိုင်းပုံသဏ္ဌ္ဌာန်နဲ့ အဆုံးအစမဲ့ ရေအရင်းအမြစ်ကနေထုတ်ယူထားတဲ့ ရေအား လျှပ်စစ်ဟာဆိုရင် သန့်ရှင်းသောစွမ်းအင်လို့ ဆိုရခြင်းဖြစ်ပါတယ်။

ရေအားလျှပ်စစ်တည်ဆောက်ခြင်းဟာ လူသားတွေအတွက် ရေဘေး၊ ငလျင်ဘေးတွေကြောင့် အန္တရာယ် အရှိဆုံးဖြစ်တဲ့ လုပ်ရပ်လို့ ထင်ကြတဲ့လူတွေလည်းရှိပါတယ်။ ရေအားလျှပ်စစ်တည်ဆောက်တော့မယ် ဆိုရင် ဖြစ်ကတတ်ဆန်း တည်ဆောက်ရတာမဟုတ်ပါဘူး။ တည်ဆောက်မယ့် မြေနေရာအနေအထား၊ ငလျင်ကျောရှိမရှိ၊ ခိုင်နိုင်မယ့်အနေအထားတွေကို သေချာစိစစ်တိုင်းတာပြီးမှ ဆောက်လုပ်ရတာဖြစ်ပါ တယ်။ တကယ်တော့ လူသားတွေအတွက် အန္တရာယ်ရှိခြင်းမရှိခြင်းဆိုတဲ့ တွေးခေါ်ခြင်းဟာ တည်ဆောက် တဲ့ နည်းပညာပိုင်းနှင့် အသုံးပြုထားတဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာမှာ အဓိကမူတည်တယ်လို့ ပြောချင်ပါတယ်။ ဘာ‌ကြောင့်ဆိုရင် လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အရာဟာ ဒီရေအားလျှပ်စစ် တစ်ခုတည်းမဟုတ်ပါ ဘူး။ ဘယ်အရာပဲဖြစ်ဖြစ် လုပ်ဆောင်ချက်ဟာ အရည်အသွေးမှီမှီမလုပ်ထားတဲ့ အရာမှန်သမျှဟာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုပဲ လုပ်ဆောင်လုပ်ဆောင် လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုမှုအပြင် ဆိုးကျိုးနည်းအောင်လည်း ဆောင်ရွက်တတ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ပညာရှင်တွေ ရဲ့အဆိုအမိန့်အရ သဘာဝပတ်ဝန်းကျင်ဆိုတာ ဒီတိုင်းနေရင် လူတွေအ တွက်အကျိုးပေးနိုင်မှာ မဟုတ်ပါ ဘူးတဲ့။ အဲ့ဒီပတ်ဝန်းကျင်ကို ဒီအတိုင်းထားမယ့်အစား လူတွေအတွက် အကျိုးကျေးဇူးရှိမယ့်အရာဆိုရင် ပတ်ဝန်းကျင်လည်းမပျက်စီးစေဘဲ အကျိုးကျေးဇူးရမယ့်နည်းလမ်းကို ရွေးချယ်ရမယ်လို့ဆိုထားပါတယ်။

ရေအားလျှပ်စစ်တည်ဆောက်ရင် နွေရာသီကာလမှာ ရေခန်းခြောက်သွားပြီး ရေရှားလို့ လျှပ်စစ်မီးပြတ်တာ တွေလည်း မကြာမခဏကြုံတွေ့မယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။ အခုခေတ် နည်းပညာတိုးတက်နေတဲ့ခေတ်မှာ ဒီလိုဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းမရှိသလောက်နည်းပါတယ်။ သဘာဝက ပေးတဲ့ရေကိုအခြေခံပြီး တည်ဆောက်ထားတာဖြစ်လို့ တခြားသဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုမရှိပါ။ ရေခန်းခြောက်တဲ့ နွေရာသီကာလမှာထုတ်သုံးဖို့ ရေကိုစနစ်တကျ သိုလှောင်ထားတဲ့အတွက် ရေနည်းပြီး စက်ရုံလည်ပတ်ဖို့ ခက်ခဲတဲ့ပြဿနာအတွက် စိုးရိမ်စရာမရှိပါဘူး။ ရေများတဲ့ မိုးတွင်းရာသီမှာ ရေတမံ အန္တရာယ်မရှိအောင် ရေထွက်ပေါက်တွေ လုံလုံလောက်လောက်နဲ့ တည်ဆောက်ထားတဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။ လက်ရှိကမ္ဘာမှာ ဖွံ့ဖြိုးပြီး နိုင်ငံများက ရေအားလျှပ်စစ်၏ အားသာချက်များ၊ ကောင်းကျိုးများကို သိမြင်ကြပြီး လက်တွေ့အကောင်အထည်ဖေါ်ကြတယ်။

၁၈၇၈ ခုနှစ်မှာ ပြင်သစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်ခဲ့ပါတယ်။ စက်တပ်ဆင်မှုဓာတ်အားဟာ ၂၅ ကီလိုဝပ်ရှိခဲ့တယ်လို့ သိရပါတယ်။ ရေအားလျှပ်စစ်ကြောင့် ပြင်သစ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခဲ့ရပါတယ်။ ၂၀ ရာစုနှစ်မှာ ကမ္ဘာမှာ အကြီးဆုံးရေအားလျှပ်စစ်သည် ဘရာဇီးနိုင်ငံနှင့် ပါရာဂွေးနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ အီတိုင်ဖူ ရေအားလျှပ်စစ်စီမံကိန်းဖြစ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ၁၉၉၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့၍ စက်တပ် ဆင်မှုဓာတ်အားပမာဏမှာ မဂ္ဂါဝပ် ၁၄၀၀၀ ရှိပြီး နှစ်စဉ် ဓာတ်အားထုတ်လုပ်မှုပမာဏဟာ ၉၀ ဘီလျံ ကီလိုဝပ်နာရီရှိပါတယ်။

အခုလက်ရှိ ကမ္ဘာမှာ အကြီးဆုံးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာဆိုရင် တရုတ်နိုင်ငံရှိ Three Gorges ရေအားလျှပ်စစ်ဓာတ်အာပေးစက်ရုံပဲဖြစ်ပါတယ်။ အဲဒီစက်ရုံကို ၂၀၀၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး စက်တပ်ဆင်မှုဓာတ်အားပမာဏ မဂ္ဂါဝပ် ၂၂၅၀၀ ဖြစ်ပါတယ်။ နှစ်စဉ်ဓာတ်အား ထုတ်လုပ်မှုပမာဏဟာ ၁၀၀ဘီလျံကီလိုဝပ်နာရီရှိပါတယ်။ အခု တရုတ်နိုင်ငံဟာ အာရှအရှေ့ တောင်နိုင်ငံများသာမက ကမ္ဘာမှာပါ ဖွံ့ဖြိုးတိုးတက်တဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ခန့်က နိုင်ငံရဲ့ ဓာတ်အားသုံးစွဲမှုကို ရေအားလျှပ် စစ်ကနေ ထုတ်ယူသုံးစွဲနေတာဖြစ်ပါတယ်။

လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ မြန်မာနိုင်ငံမှာ အစောဆုံးတည်ဆောက်ခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးကျော်ရင် ဦးဆောင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခု လောပိတ စက်ရုံကနေ လျှပ်စစ်မီးထုတ်ယူပေးတာဆိုရင် နှစ်ပေါင်း ၅၀ ကျော်လည်ပတ်ခဲ့ပြီဖြစ်ပြီး အခုအချိန်အထိ ဆက်လက်အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် အရမ်းကိုကောင်းတဲ့ အားသာချက်တွေအများကြီးရှိပါတယ်။ အခုချိန် မှာ ရေအားလျှပ်စစ်တည်ဆောက်ရေးမှာ အခြားသောနိုင်ငံများမှာတည်ဆောက်ခဲ့တဲ့ စံနမူနာတွေထဲက အားသာချက်၊ အားနည်ချက်တွေကို အတုယူပြီး ပြင်ဆင်တည်ဆောက်လို့ရတဲ့အချက်တွေ ဖြစ်တယ်။ နောက်ပြီး အကြီးမားဆုံး အားသာချက်ကတော့ သယံဇာတကြွယ်ဝနေသေးတာပဲဖြစ်ပါတယ်။ မြန်မာပြည် မှာက အခြားသော နိုင်ငံတွေထက် သဘာဝကပေးတဲ့ မြစ်ချောင်းတွေပေါကြွယ်ဝတဲ့အပြင် ပတ်ဝန်းကျင်နှင့် အဖိုးတန်သယံဇာတတွေ ပေါကြွယ်ဝလှပါတယ်။

မြစ်ချောင်းတွေဟာ ရေအားလျှပ်စစ်ထုတ်ယူနိုင်ဖို့အတွက် စွမ်းအင်ဇစ်မြစ်တွေဖြစ်ပါတယ်။ အဲဒီ ဇစ်မြစ် တွေကနေပေးတဲ့ အဖိုးတန်စွမ်းအင်တွေကို အသုံးချတတ်ဖို့က အင်မတန်အရေးကြီးလှပါတယ်။ မြစ်ချောင်း တွေမှာ ရေအားလျှပ်စစ်တည်ဆောက်ခြင်းဟာ မြစ်ချောင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရာ မရောက်ပါဘူး။ သဘာဝကပေးတဲ့ ရှိရင်းစွမ်းအင်တွေကနေ လူသားတွေအတွက် အကျိုးရှိမယ့် နည်းလမ်းနဲ့ ရယူအသုံးပြုရမှာက လောကသဘာဝတရားပင်မဟုတ်ပါလော။ သယံဇာတများပေါကြွယ်ဝတဲ့ ဒေသမှာ နေထိုင်ပြီး နိုင်ငံဆင်းရဲ၊ လူထုဆင်းရဲနေရမယ်ဆိုလျှင် အဘယ်အကျိုးရှိမည်နည်း။

နောက်ပြီး သဘာဝသယံဇာတကြွယ်ဝသော်လည်း နိုင်ငံတွင်းလျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် စီးပွား ရေးတိုးတက်မှုအတွက် အကန့်အသတ်ဖြစ်စေပါတယ်။ မြန်မာပြည်အခြေ အနေအရ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာတိုးတက်ပြီး လူ့ဘဝအဆင့်အတန်းမြှင့်တက်ဖို့ရန် လျှပ်စစ်လုပ်ငန်းတွေကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရပါလိမ့်မယ်။ လျှပ်စစ်ဓာတ်အားစက်မှုလက်မှုလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသောမဏ္ဍိုင်လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်ပြီး ခေတ်နှင့်အညီ တိုးတက်နေတဲ့ ပြည်သူလူထုဘဝ အဆင့်အတန်း တိုးမြှင့်စေရန် အာမခံချက်လည်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ရှိရပါမယ်။ အဲလို ရင်းနှီးမြှုပ်နှံသူတွေရှိခြင်းအားဖြင့် နိုင်ငံတော်အခွန်ရရှိစေရုံမက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ဒေသခံလူထု အလုပ်အကိုင်ပြဿနာကိုပါ ဖြေရှင်းပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။

အဲလို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုရှိဖို့သည် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဲဒီနိုင်ငံရဲ့ လျှပ်စစ်ဓာတ် အားသုံးစွဲမှုက သူတို့လိုအပ်ချက်တစ်ခုပင်ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားသည် ဘယ်မျှ အရေးပါ ကြောင်းကို လူတိုင်းသိရမယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည်မှာ သန့်ရှင်းတဲ့စွမ်းအင် ထုတ်လုပ်နိုင်ဖို့ ရာခိုင်နှုန်းများကြီးရှိနေလျက် တခြားသယံဇာတ ဆင်းရဲတဲ့နိုင်ငံကဲ့သို့ အသုံးမချနိုင်ခဲ့ရင်ပင် သယံဇာတ ရှိရကျိုးမနပ်လှပေ။ ဒါကြောင့် မိမိအနေဖြင့် လျှပ်စစ်စွမ်းအင်များစွာရှိတဲ့အထဲက ဘယ်စွမ်းအင်သည် သန့်ရှင်းသော စွမ်းအင်ဖြစ်ကြောင်းကို ရေးသားဖော်ပြလိုက်ရပါတယ်။

ဗိုလ်ကျ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။