Trending Now

မြစ်ကြီးနားမြို့တွင် ကြက်သား တစ်ပိဿာ သုံးသောင်းကျပ်အထိ ဈေးမြင့်တက်လာ

Spread the love

မြစ်ကြီးနားမြို့တွင် ကြက်သား တစ်ပိဿာ သုံးသောင်းကျပ်အထိ ဈေးမြင့်တက်လာ

EPN
မြစ်ကြီးနား၊ မတ် ၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကစ၍ ကြက် သား တစ်ပိဿာလျင် သုံးသောင်းကျပ်အထိ မြင့်တက်လာကြောင်း ကြက်ဒိုင်များထံမှ သိရသည်။

မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းများ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့် မရရှိ၍ လမ်းကြောင်းတွင် ကြန့်ကြာခြင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင်လည်း နိုင်ငံရေး ပဋိပက္ခများကြောင့် မွေးမြူရေးလုပ်ငန်းမျ ရပ်နားနေရခြင်းတို့ကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် ကြက်သားဈေးနှုန်း မြင့်တက်လာရခြင်း ဖြစ်ကြောင်း ကြက်ဒိုင်ပိုင်ရှင်က ဆိုသည်။

” ကြက်သားဈေးတွေ တက်တာလည်း မပြောနဲ့လေ။ လမ်းမှာ ဂိတ်ကြေးက အများကြီး ဆောင်ရတယ်။ ဂိတ်လည်း များတယ်။ အောက်ပိုင်းက ကြက်မွေးမြူရေး သမားတွေလည်း အရင်လို သိပ်မရှိကြဘူး။ ပြေးရလွှားရနဲ့ဆိုတော့ အဲ့ဘက် ဂရုမစိုက်နိုင်ကြဘူး။ ပစ္စည်းရှားလာတယ်။ ဂိတ်ကြေးပေးရတာများလို့ အခုလို ဈေးတက်ရတာ ဟုတ်တယ် ” ဟု ၎င်းကရှင်းပြသည်။

ကချင်ပြည်နယ်အတွင်းရှိ အများပြည်သူ စားသုံးနိုင်ရန် CP ကြက်၊ အသားတိုးကြက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ နည်းပါးခြင်းကြောင့် အခြားသော တိုင်းဒေသကြီးများမှ မှာယူတင်သွင်းရခြင်း၊ လမ်းခရီးကြန့်ကြာခြင်း၊ ဂိတ်ကြေးပေးဆောင်ရမှု များပြားခြင်းတို့ကြောင့် မြစ်ကြီးနားမြို့ပေါ် တွင် ကြက်တစ်ပိဿာလျင် သုံးသောင်းကျပ်အထိ မြင့်တက်ရခြင်း ဖြစ်သည်။

” ဈေးနုန်ူးမြင့်တက်လာတော့ မဝယ်စားယုံ‌ပဲ ရှိတယ်။ အလုပ်အကိုင်က အဆင်မပြေ။ ကုန်ဈေးနူန်းတွေက အကုန်တက်။ ကြာရင် ငတ်ဖို့ပဲ ကျန်တော့တယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသက ပြည်သူတွေဆို ဘယ်လို‌တွေ စားသောက်နေကြမလည်း မတွေးရဲဘူး။ မြို့ပေါ် ကသူတွေတောင် မနည်းအသက်ရှင်ဖို့ ရုန်းကန်နေရတယ် ” ဟု မြစ်ကြီးနားမြို့ အိမ်ရှင်မတစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် အိမ်ကြက် တစ်ပိဿာလျင် (၃၀၀၀၀) ကျပ်၊ CPကြက် တစ်ပိဿာလျင် (၂၀၀၀၀) ကျပ်၊ ဥတုံး ကြက် တစ်ပိဿာလျင် (၁၇၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိသည်။

အဆိုပါ ကြက်သားဈေးများသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကစ၍ တက်လာခြင်းဖြစ်ပြီး ယခင်ဈေးနှုန်းများမှာ အိမ်ကြက် တစ်ပိဿာလျင် ၁၈၀၀၀ကျပ်၊ CP ကြက် တစ်ပိဿာလျင် (၁၄၀၀၀) ကျပ်၊ ဥတုံးကြက် တစ်ပိဿာလျင် (၁၂၄၀၀၀) ခန့်သာ ရှိခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း တို့တွင် တပ်မတော်နှင် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေ၍ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ ကျဆင်းလာခြင်း၊ လမ်းခရီးများတွင် ရက်အကန့်အသတ်မရှိ ပိတ်ပင်ခြင်း၊ ကြန့်ကြာခြင်း၊ ဂိတ်ကြေးပေးဆောင်ရမှု များပြားခြင်းတို့ကြောင့် အခြေခံစားသောက်ကုန်စည်များအားလုံး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။