Trending Now

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲက ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

Spread the love

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲက ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

EPN
နေပြည်တော်၊ အောက်တိုဘာ ၇ (၂၀၂၃)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲများကို သတ်မှတ်နေရာများ၌ ကျင်းပလျက်ရှိပြီး အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၉ နာရီတွင် ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ နဂါးလှေလှော် (Dragon Boat) အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀၀ (၁၂) တက်လှော်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား မီတာ ၁၀၀၀ (၁၂) တက်လှော်ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် (၁၁) သင်း ဝင်ရောက် ယှဉ်ပြိုင်ရာ အင်ဒိုနီးရှားအသင်းက ပထမ၊ တရုတ်အသင်းက ဒုတိယ နှင့် မြန်မာအသင်းက တတိယ ရရှိခဲ့ပြီး မြန်မာ (အမျိုးသား) အသင်းသည် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုကို ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည်။

၎င်းအပြင် အမျိုးသမီး မီတာ ၁၀၀၀ (၁၂) တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် တောင်ကိုရီးယားအသင်းက တတိယရရှိခဲ့ကြပြီး မြန်မာ အသင်းက အဆင့် (၆) နေရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒေသစံတော်ချိန် နံနက် ၉ နာရီ တွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော် ခြင်းပြိုင်ပွဲ အမျိုးသား သုံးယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ နံနက် ၁၀ နာရီတွင် အမျိုးသမီး သုံးယောက် အုပ်စု ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

မြန်မာပိုက်ကျော်ခြင်း အမျိုးသား သုံးယောက်တွဲအသင်းသည် အုပ်စုပတ်လည် ပြိုင်ပွဲတွင် လေးသင်း တစ်အုပ်စုဖြင့် သုံးပွဲယှဉ်ပြိုင်ကစားခဲ့ရာ တစ်ပွဲနိုင် နှစ်ပွဲရှုံးဖြင့် လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ အသင်းသည် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် သုံးသင်း တစ်အုပ်စုဖြင့် နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲလုံး ရှုံးနိမ့်သည့်အတွက် မြန်မာအမျိုးသား၊ အမျိုးသမီး အသင်း အနေဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့များ တက်ရောက်အားပေးခဲ့ကြကြီး၊ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ခုနစ်နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယနေ့အထိ ရွှေတံဆိပ်တစ်ခု၊ ကြေး တံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် သုံးခု ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။