Trending Now

ငြိမ်းချမ်းရေးအတွက် အဖြေပေါ်ရန် နိုင်ငံရေးစားပွဲပေါ်၌ အဖြေရှာခြင်းသည်သာ နည်းလမ်းမှန် ဖြစ်ကြောင်း ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းဆို

Spread the love

ငြိမ်းချမ်းရေးအတွက် အဖြေပေါ်ရန် နိုင်ငံရေးစားပွဲပေါ်၌ အဖြေရှာခြင်းသည်သာ နည်းလမ်းမှန် ဖြစ်ကြောင်း ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းဆို

EPN
မြစ်ကြီးနား၊ မေ ၁၀

တိုင်းရင်းသားလက်နက်ကိုင်များ၏ ပြဿနာသည် နိုင်ငံရေးအဖြေရှာနိုင်မှုအပေါ် တည်ရှိခြင်းကြောင့် နိုင်ငံရေးစားပွဲပေါ် ငြိမ်းချမ်းရေးဆွေးနွေးမှု ဖော်ဆောင်ခြင်းသည်သာ နည်းလမ်းအမှန်ဖြစ်ကြောင်း ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းက ပြောကြားလိုက်သည်။

ယမန်နေ့က မြစ်ကြီးနားတွင် ကျင်းပပြုလုပ်ခဲ့သည့် ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား ဂါရဝပြု ဂုဏ်ပြုပွဲ အခမ်းအနားတွင် ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ ပြဿနာဖြေရှင်းနိုင်မှုက ပြည်ပသြဇာခံရေးကို လျော့ချနိုင်မည်ဖြစ်‌ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး အဖြေရှာနိုင်မှု ကောင်းလျှင် ကောင်းသလို နိုင်ငံတော်ကြီးသည်လည်း ကောင်းလာနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ ပြဿနာသည် နိုင်ငံရေး အဖြေရှာနိုင်မှုအပေါ်တွင်တည်ရှိနေခြင်းကြောင့် စားပွဲပေါ်တွင် နိုင်ငံရေးဖြေရှင်းမှု တစ်ရပ်ကသာ ငြိမ်းချမ်းရေးအတွက် အဖြေပေါ်မည်”ဟု ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းက ဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူများအချင်းချင်း သံသယဝင်ကာ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်အောင် ပြည်ပ အစိုးရတစ်ရပ်က ငွေကြေးရုပ်ဝတ္တုဖြင့် ဖန်တီးနေကြောင်း၊ ယင်းကြောင့် ပြည်တွင်း ငြိမ်းချမ်းရမည့်အစား ဆူပူအုံကြွကြရသည့် အခြေအနေသို့ ဆိုက်ရောက်နေရခြင်းဖြစ်သည်ကို မြင်တွေ့နေရကြောင်း ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းက “နှစ်ကာလများကို ဖြတ်သန်းရာမှ နိုင်ငံတော်ကြီးသည်လည်းကောင်း၊ တိုင်းရင်းသား ပြည်သူများသည် လည်းကောင်း၊ ငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ထူထောင် တည်ဆောက်နိုင်မှ သာလျှင် ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်းကို ဖော်ဆောင်နိုင်မည်ဟူသည့် အမှန်တရား တစ်ရပ်ကို သင်ခန်းစာအဖြစ်ရယူ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည်” ဟုလည်း ထောက်ပြပြောဆိုခဲ့သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။