Trending Now

ကချင်ပြည်နယ် အတွင်းက တရားမဝင် ရွှေတူးဖော်နေသူများအား စီမံချက်ဖြင့် ဖမ်းဆီးနေ၊ တရားမဝင် ရွှေတူးနေသည့် လုပ်ငန်းရှင် ဆယ်ဦးအထိ ဖမ်းဆီး အရေးယူထား

Spread the love

ကချင်ပြည်နယ် အတွင်းက တရားမဝင် ရွှေတူးဖော်နေသူများအား စီမံချက်ဖြင့် ဖမ်းဆီးနေ၊ တရားမဝင် ရွှေတူးနေသည့် လုပ်ငန်းရှင် ဆယ်ဦးအထိ ဖမ်းဆီး အရေးယူထား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၅
ကချင်ပြည်နယ်တွင် တရားမဝင်‌ ရွှေတူးဖော်နေသူများအား ယခု ဇူလိုင်လအတွင်းမှ စတင်ကာ စီမံချက်ဖြင့် ဖမ်းဆီး အရေးယူ‌နေပြီ ဖြစ်ကြောင်း သိရပြီး တရားမဝင် ရွှေတူးနေသည့် လုပ်ငန်းရှင် ဆယ်ဦးအထိ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ တိုက်ရိုက် ညွှန်ကြားမှုဖြင့် တရားမဝင် ရွှေတူးဖော်နေသူများအား ဖမ်းဆီးရာတွင် ဇူလိုင်လ ၂၂ ရက်နေ့က တရားမဝင် ရွှေတူးဖော်နေသည့် လူနှင့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြောဆိုသည်။

“ဇူလိုင် ၂၂ရက် နေ့က နယ်လုံဝန်ကြီးနဲ့ ပူးပေါင်း တိုင်ပင်ပြီး မြစ်ကြီးနားမြို့နယ် ဝိုင်းမော်မြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းမှာ တရားမဝင် ရွှေတူးဖော်နေသူတွေကို ဖမ်းဆီးခဲ့တယ်။ ရွှေတူးနေတဲ့ ပိုင်ရှင် တွေရယ် အလုပ်သမားတွေ နဲ့ ဝါးဖောင် သံဖောင် စက်တွေကိုသိမ်းဆည်းခဲ့တယ် “ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် တို့တွင် ဧရာဝတီ‌မြစ်‌ကမ်းဘေးအတွင်း တရားမဝင် ရွှေတူးဖော်နေမှု သတင်းအရ ပြည်နယ်သတ္တုတွင်းဦးစီးဌာနနှင့် ‌နယ်မြေခံ ရဲတပ်ဖွဲ့တို့မှ ဇူလိုင် ၂၂ရက် နေ့က သွားရောက် ဖမ်းဆီးခဲ့ရာ ရွှေဖောင်ပိုင်ရှင် (၁၀)ဦး၊ အလုပ်သမား (၁၅)ဦး နှင့် ဝါးဖောင်စက်ပါ (၃) ဖောင်၊ သံဖောင် (၂) ဖောင် တို့အား သိမ်းဆည်းပြီး မြန်မသတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆက်လက်၍ ကချင်ပြည်နယ်အတွင်း တရားမဝင် သယံဇာတ တူးဖော်နေသူများအား ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယခင် ချပေးထားသည့် ရွှေတူးဖော်ရေး လုပ်ကွက်များမှာ သက်တမ်းကုန်နေပြီကြောင်းနှင့် ထပ်မံ သက်တမ်း တိုးထားပေးခြင်း မရှိကြောင်းလည်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။