Trending Now

လူသတ်တရားခံဟုဆိုကာ PDF လူငယ်တစ်ဦး၏ ပုံများကို မိုးညှင်းမြို့နယ်အတွင်း လူအများသွားရာ နေရာများတွင် စိုက်ထူထား

Spread the love

လူသတ်တရားခံဟုဆိုကာ PDF လူငယ်တစ်ဦး၏ ပုံများကို မိုးညှင်းမြို့နယ်အတွင်း လူအများသွားရာ နေရာများတွင် စိုက်ထူထား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် “ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံအမျိုးသား တစ်ဦးကို သတ်ဖြတ်သွားသည့် တရားခံပုံ” ဟုဆိုကာ PDF လူငယ်တစ်ဦး၏ ဓာတ်ပုံများကို မြို့အတွင်း လူသွားလူလာများသည့် လမ်းဆုံလမ်းထောင့်များတွင် ဗွီနိုင်းများဖြင့် စိုက်ထူထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗီနိုင်းပုံများကို ဖေဖော်ဝါရီလ ဒုတိယ အပတ်ခန့်မှ စတင်ကာ မိုးညှင်းမြို့ အဝင်အထွက် နေရာများ၊ စုပေါင်းရုံးအနီး၊ အင်းဝဘဏ်အနီး ၊ မြို့မစျေးအနီး နှင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးအချို့၏ အနီးနေရာများတွင် စိုက်ထူထားကာ “ဦးတင်ညွန့် (ရာအိမ်မှူး) နှင့် စိုင်းစောလင်းအောင် (ဆိုင်ကယ်ပြင်) မိုးညှင်းမြို့ နေထိုင်သူတို့အား ပစ်ခတ်သတ်ဖြတ်သွားသည့် တရားခံပုံ” ဟု စာသားပါသော ဗွီနိုင်းများ စိုက်ထူထားသည်ကို တွေ့ရှိရကြောင်း မိုးညှင်းမြို့တွင်းနေ ပြည်သူတစ်ဦးထံမှ သိရသည်။

“ဖေဖော်ဝါရီလ (၁၅)လောက်ကနေ တွေ့လာရတာ၊ အခု နေရာတော်တော်များများမှာ တွေ့နေရပြီ၊ စျေးထောင့်တွေ၊ အုပ်ချုပ်ရေးနားတွေ၊ မြို့ဝင်မြို့ထွက် နေရာတွေမှာလဲတွေ့ရတယ်၊ ဗွီနိုင်းစိုက်ထားတာ၊ အဲ့မှာက ဦးတင်ညွန့် (ရာအိမ်မှူး ) နှင့် စိုင်းစောလင်းအောင် (ဆိုင်ကယ်ပြင်) မိုးညှင်းမြို့ နေထိုင်သူတို့အား ပစ်ခတ်သတ်ဖြတ်သွားသည့် တရားခံပုံ ဆိုတဲ့ စာသားလဲ ပါတယ်၊” ဟု ၎င်းက ပြောသည်။

ယင်း ဗွီနိုင်း စာသားတွင် ပါရှိသည့် ဦးတင်ညွန့် (ရာအိမ်မှူး) ဆိုသူမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က နန်းမားမြို့၊ ရွှေရည်ဝင်း လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်သတ်ခံရပြီး ကိုစိုင်းစောလင်းအောင်ဆိုသူဖြစ်မှာ ပြီးခဲ့သည့် (၂၀၂၂)ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ခန့်က နေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မိုးညှင်းမြို့၊အုတ်ကျင်းရပ်ကွက်၊ အမှတ် ၃ အထက်တန်းကျောင်း အရှေ့တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဗီနိုင်းပုံပါ လူငယ်မှာ အသက် (၂၀) ခန့် အရွယ်ရှိ ကိုနေမင်းထိန် ဆိုသူ၏ ပုံဖြစ်ကြောင်း သိရပြီး ယင်းပုံဗီနိုင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံ စိုက်ထူထားခြင်း ဖြစ်ကြောင်း သိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။