Trending Now

ကျောက်တန်းမြို့တွင် နေအိမ်အတွင်း သားအဖနှစ်ဦး အသတ်ခံရ

Spread the love

ကျောက်တန်းမြို့တွင် နေအိမ်အတွင်း သားအဖနှစ်ဦး အသတ်ခံရ

EPN
ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အရှေ့ပိုင်းရပ်ကွက် ငွေသောင်ယံ ၂ နှင်းဆီလမ်းရှိနေအိမ်တစ်လုံးတွင် အတူနေထိုင်သည့် သားအဖနှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၂ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက သမီးဖြစ်သူ မသီတာနှင်း လုပ်ငန်းခွင်မှာရှိနေချိန် နေအိမ်အောက်တွင် မောင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့လဲကျနေသည့်အတွက် နေအိမ်သို့ပြန်လာရန် အဒေါ်ဖြစ်သူက ဖုန်းဆက်ခေါ်ယူခဲ့သည်ဟု ဆိုသည်။

မသီတာနှင်း နေအိမ်သို့ ရောက်ရှိချိန်တွင် ဖခင်ဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးစိန်မြသည်နေအိမ် အောက်ထပ်လှေကားရင်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိပြီး မောင်ဖြစ်သူ အသက် ၂၂ နှစ်အရွယ် ဖေသင်းမြတ်သည်လည်း နေအိမ်နောက်ဖေး အိမ်သာရှေ့တွင်လည်ပင်းပြတ်ရှ ဒဏ်ရာအပါအဝင် အခြားထိုးသွင်းဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ မောင်ဖြစ်သူ ဖေသင်းမြတ် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်း ပြစ်မှုကျူးလွန်သူများက ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သမီးဖြစ်သူ မသီတာနှင်းက ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပေးရန် ကျောက်တန်းမြို့မရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့ပြီး ကျောက်တန်းမြို့မရဲစခန်းက (ပ)၁၂၇/၂၀၂၃၊အမှုကြီးအမှတ်စဉ်(၅) ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၄ အရအမှု ဖွင့်၍ တရားခံဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

photo – ကိုဝင်းစိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။