Trending Now

နိုင်ငံရေးနှင့် ဆင်ခြင်တုံတရား

Spread the love

နိုင်ငံရေးနှင့် ဆင်ခြင်တုံတရား

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ ဧပြီ ၂
မိုးမြင့်မောင် ပြုစုတင်ပြသည်။

တိုင်းပြည်နိုင်ငံချစ်စိတ်သည် လူတိုင်း၌ ရှိအပ်သော အရာပင်ဖြစ်သည်။ တိုင်းပြည်နိုင်ငံချစ်စိတ် မရှိသော သူသည် ကိုယ်လက်အင်္ဂါမစုံသောသူကဲ့သို့ အသက်ရှင်နေခြင်းပင် မလျောက်ပတ်ပေ။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ တိုးတက်မှုသည် ထိုစိတ်ဓါတ် အားကြီးလွန်း၍သာ ဖြစ်ပေသည်။ တိုင်းပြည်နိုင်ငံ ချစ်စိတ်ခေါင်းပါးသော လူမျိုးသည် မည်သည့်ခေတ်၊ မည်သည့်ရာဇဝင်မှာမျှ မတိုးတက် မကောင်းစားခဲ့ချေ။

တိုင်းပြည်နိုင်ငံချစ်စိတ်မှာ မိမိတိုင်းပြည်နှင့် နိုင်ငံသားများ ကောင်းစားသည်ကို မြင်လိုသောစိတ်ပင်ဖြစ်သည်။ မိမိနိုင်ငံသားတစ်ဦး ဒုက္ခရောက်လျှင် စိတ်မချမ်းမြေ့သကဲ့သို့ မိမိနိုင်ငံသားများ ဒုက္ခရောက်သည်ကို မကြည့်ရက်သော စိတ်၊ မိမိနိုင်ငံသားများ ချမ်းသာလျှင် လွန်မင်းစွာ ပီတိဖြစ်သော စိတ်ကို တိုင်းပြည်နိုင်ငံ ချစ်စိတ်ဟု ခေါ်ရပေမည်။

တိုင်းပြည်နိုင်ငံ တစ်ခုလုံး နေရာအနှံ့ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိပေသည်။ တိုင်းပြည်နိုင်ငံ့ချစ်စိတ်နှင့် လူမျိုးတစ်ခုကောင်းစားရေးအတွက် ချစ်စိတ်တို့ မတူချေ။ ဥပမာ ဆေးကျမ်းများကိုသာ ဖတ်၍ ကိုယ်ပိုင်ဉာဏ် မသုံးသော ဆေးသမားသည် သမားကောင်းမဖြစ်နိုင်သကဲ့သို့ တိုင်းပြည်နိုင်ငံ ချစ်စိတ်သာရှိ၍ အသိဉာဏ်ကင်းမဲ့သော တိုင်းသူပြည်သားသည် တိုင်းသူပြည်သားကောင်း မဖြစ်နိုင်ချေ။

ဆင်ခြင်တုံတရား မရှိသောသူသည် အရာမရောက် ကိစ္စမပြီးနိုင်ချေ။ ထို့ကြောင့် တိုင်းပြည်နိုင်ငံ ချစ်စိတ်နှင့်ယှဉ်တွဲ၍ အသိဉာဏ်ဆင်ခြင်တုံတရားရှိ ရပေမည်။ အချို့ကား ဆင်ခြင်တုံတရားကို အသုံးမပြုဘဲ အစွန်းရောက်စိတ်ဓါတ်ကို အသုံးပြုကြလေသည်။ ထိုစိတ်ဓါတ်မျိုးရှိသူသည် လှေသမားနှင့်တူ၏။ ဆင်ခြင်တုံ တရားသည် တက်မနှင့်တူပေသည်။ တက်မပါပဲ လှေကို လှော်ခတ်သွားပါမူ လှေသည် ရည်ရွယ်သော ပန်းတိုင်သို့ ရောက်နိုင်မည် မဟုတ်ချေ။ နိုင်ငံကြီးသား ပီသသူတို့သည် တိုင်းပြည်နိုင်ငံ ချစ်စိတ်တစ်ခုတည်းဖြင့် မတင်းတိမ်ကြပဲ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားကို လက်ကိုင်ထား၍ ပြုမှုလုပ်ဆောင်တတ်ကြသည်။

“ဆင်ခြင်တုံတရား ကင်းမဲ့သော နိုင်ငံရေးလုပ်ငန်းသည် အကာအကွယ်မရှိသော မီးတောက်မီးလျှံနှင့်တူ၏။ လေပြင်းတိုက်ခတ်သည့်အခါ ထိုမီးတောက် မီးလျှံမှ အဆောက်အအုံစသည်တို့ကို ကူးစက်လောင်ကျွမ်း ရမည်သာတည်း။ ထို့ကြောင့် နိုင်ငံရေးလုပ်ငန်းတွင် အသိဉာဏ်နှင့် ဆင်ခြင်တုံတရားတို့သည် အလွန်အရေးကြီးသော အထိန်းအကွပ်များ ဖြစ်ကြလေသည်။ အခြေခံပညာ ဗဟုသုတမရှိဘဲ ဆင်ခြင်တုံတရား ကင်းမဲ့သောသူတစ်ယောက်ကို နိုင်ငံရေးဝါဒ တစ်ခုခုကို အတင်းသွင်းပေးလျှင် ထိုသူ၏ ဦးခေါင်းထဲတွင် ရောက်ရှိမည့် နိုင်ငံရေးသဘောတရားများသည် အဖျက်လုပ်ငန်းအတွက်သာလျှင် အရေးပါပေမည်။ အပြုလုပ်ငန်းအတွက် အလျှင်းပင် အရေးရောက်မည် မဟုတ်ပေ။ သဲထဲတွင် အိမ်ဆောက်သကဲ့သို့ ပြိုလဲရမည်သာတည်း။ ဆိုလိုသည်မှာ နိုင်ငံရေးလုပ်ငန်းသည် အသိဉာဏ် ဆင်ခြင်တုံတရားတို့နှင့် ကင်းကွာ၍ မဖြစ်ကြောင်းကို ပြသခြင်းပင်ဖြစ်လေသည်´´ဟု ကမ္ဘာ့ပြဿနာ မျိုးစုံကို ကိုင်တွယ်ဖြေရှင်းခဲ့သူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသား ဦးသန့်က ဆိုထားလေသည်။

တိုင်းပြည်နိုင်ငံတည်ဆောက်ရာတွင် တရားမျှတမှုရှိခြင်းဆိုသည့် စံချိန်၊ စံညွှန်း၊ စံသတ်မှတ်ချက်ကို ပြည့်မီ နိုင်စေရန် အရေးကြီးပေသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင်တိုင်းသူပြည်သား များသည် တရားမျှတခြင်းကို တရားရုံးများ၊ ဥပဒေရုံးများ၊ ရှေ့နေရုံးများ၊ရဲစခန်းများကို အခြေခံသည့် တရားသူကြီးများ၊ ဥပဒေကျွမ်းကျင်သူများ၊ ရှေ့နေများ၊ ရဲဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကာ ရှာဖွေဖော်ထုတ် လေ့ရှိသည်။ မြန်မာနိုင်ငံတွင်မူ ပြည်သူပြည်သား အများစုသည် တရားမျှတခြင်း သဘောတရားကို လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကြောင်းအရာများကို မှတ်တမ်းတင်ရေးသားတင်ပြထားသည့် တရားဓမ္မစာပေများဟောကြား၊ ဟောပြော၊ သင်ပြလမ်းညွန်သည့် ပုဂ္ဂိုလ်ကြီးများထံတွင် ရှာဖွေရယူလေ့ရှိကြသည်။ တိုင်းပြည်နိုင်ငံကို တာဝန်ယူကြမည့် ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားများ အနေဖြင့် ကွာဟချက်၊ ခြားနားချက်ကို သိမြင်ပြီး၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အထူးအရေးပါချေသည်။

လူကြီး၊ မိဘ၊ ဆရာသမားများက ဆုံးမဩဝါဒ စကားပြောကြားရာတွင် “ပခုံးနှစ်ဖက်အကြား ခေါင်းရှိနေတိုင်း လူလို့မသတ်မှတ်ကြောင်း၊ လူမှန်ရင်လူလို အသိဉာဏ်ပညာရှိပြီး၊ ကိုယ်ကျင့်သီလ သို့မဟုတ် ကိုယ်ကျင့်တရား ရှိမှသာ လူလို့ခေါ်ကြောင်း ဆုံးမလေ့ရှိကြသည်။ သို့သော် နိုင်ငံတကာတွင် ပခုံးနှစ်ဖက်အကြား ခေါင်းရှိနေလျင် လူအဖြစ်သတ်မှတ်ထားရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောတရားကွဲပြားနေခြင်းကြောင့် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်အပေါ်တွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိနိုင်သည်ကို လေ့လာရာတွင် အမျိုးမျိုးသော အဖြေများကို တွေ့ရနိူင်သည်။ ဥပမာဆိုရလျှင် တိရိစ္ဆာန်များ လူစိတ်ပေါက်လာလျှင် အများက ချီးကျူးလက်ခံကြမည်ဖြစ်ပြီး လူမှတိရိစ္ဆာန် စိတ်ပေါက်လာလျှင် အများကရွံ့မုန်းကြချေလိမ့်မည်။

ထို့ကြောင့် ဘောဂဗေဒပညာရှင်(Keynes)က လူတို့၏ မျော်လင့်ချက်များသည် “Animal Spirits” တိရိစ္ဆာန် စိတ်များကဲ့သို့ ပရမ်းပတာဖြစ်သည်ဟု တင်ပြခဲ့ပြီး (Mainstream Ecomonic) ဘောဂဗေဒပညာရှင်များကမူ လူတို့၏ မျှော်လင့်ချက်များသည် “Rational Expectations” စဉ်းစားချင့်ချိန် ဆင်ခြင်ဆုံးဖြတ်နိုင်သည့် မျော်လင့်ချက်များဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။ ကိုယ်တိုင်မျှော်လင့်ချက်များကို ဆန်းစစ်ကြည့်နိူင် ပေသည်။

“မည်သည့် တိုင်းပြည်နိုင်ငံမဆို နိုင်ငံသားတိုင်းက လူဂုဏ်သိက္ခာအရ လူပီသဖို့လိုပါတယ်။ ဒါမှသာ တိုင်းပြည်နိုင်ငံက တည်ငြိမ်းအေးချမ်းပြီး နေပျော်မှာပါ။ လူသားဆန်မှု မရှိရင် တိရိစ္ဆာန်လိုပဲ လူသား ဂုဏ်သိက္ခာ ကျဆင်းပြီး အစွန်ရောက်မှုတွေကြောင့် ဆိုးကျိုးတွေပဲ ဖြစ်ပေါ်နိူင်တယ်။ သဘောက လူတော်တွေပဲရှိရင် မကောင်းနိူင်သလို လူညံ့အစွန်းရောက်တွေများလာရင် အဲ့တိုင်းပြည်နိုင်ငံ ပျက်စီးနိူင်တယ်။ လူတော်တွေထက် လူကောင်းတွေရှိတဲ့ တိုင်းပြည်နိုင်ငံက ပထမတန်းစားဖြစ်နိူင်လို့ပါ။ မြန်မာနိုင်ငံရေး သမိုင်းကိုပြန်ကြည့်ရင် ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့က လူတော်တွေပါ။ သူ့တို့လက်ထက်မှာ တိုင်းပြည်နိုင်ငံ တည်ငြိမ် အေးချမ်းစေခဲ့တယ်။ လူတော်တွေ အုပ်ချုပ်ပြီး လူကောင်းတွေနည်းလာရင် တိုင်းပြည်နိုင်ငံက ရှေ့ရောက်သင့် သလောက် မရောက်ဘူး။ လူတော်တွေများလာရင် တိုင်းပြည်နိုင်ငံပျက်တော့တာပဲ။ ဘာကြောင့်လဲဆိုတော့ လူကောင်းတွေ နည်းလာလို့ပါ။ အများနားလည်အောင်ဆေးရုံနဲ့ ဥပမာပေးရရင် ဆေးရုံတစ်ခုမှာ လူနာတွေ နေစရာမရှိအောင် တမံသလင်းပေါ် ဖျားခင်းပြီးနေရတဲ့အခါ ဆရာဝန်က လူနာအားလုံးကို ရောဂါဝေဒနာ ပျောက်ကင်းအောင် ကုသပေးမယ်။ သူက လူတော်ပဲ။ ဒါကို ကိုယ်ချင်းစာတတ်တဲ့ အောက်ခြေဝန်ထမ်းက တမံတလင်း ပေါ်နေရတဲ့ လူနာကို သူ့ရဲ့ကုတင်ငှါးပေးမယ်။ သူက လူကောင်းပါ။ လူတော်တိုင်းလည်း လူကောင်းမဖြစ်နိူင်သလို လူကောင်းတိုင်းလည်း လူတော်မဖြစ်ကြလို့ပါ။ အလွှာအသီးသီးမှာ လူတော်လူကောင်းတွေ ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လူတော်တွေထက် လူကောင်းတွေ ပိုလိုအပ်နေပါတယ်။ လူသားဆန်တဲ့ လူကောင်းတွေနည်းပါးလာတဲ့အခါ လူညံ့တွေ နေရာယူလာတယ်။ ဒါကြောင့်လည်း တိုင်းသူပြည်သားတွေ ဒုက္ခမျိုးစုံကို ရင်ဆီးခံရတယ်။ ကိုယ်ချင်းမစာတတ်သူတွေက တိရစ္ဆာန်တူလာတယ်။ တိရစ္ဆာန်တွေက သူ့အုပ်စုနဲ့သူနေကြတယ်။ မတူရင် မတွဲဘူး။ အင်အားကြီးတဲ့အုပ်စုက အင်အားနည်းတဲ့အုပ်စုကို အနိူင်ကျင့်လေ့ရှိတယ်။ လူတွေကလည်း သူ့အုပ်စုနဲ့သူပါပဲ။ မတူပေမယ့်လည်း တွဲလို့ရသယောင် ဟန်ဆောင် တတ်ကြတယ်။ မြန်မာ့ ပြည်တွင်းပြဿနာတွေကို လေ့လာကြည့်ရင် နိုင်ငံရေးအစာ မကျေမှုတွေကြောင့် ဖြစ်တာကို တွေ့ရတယ်။ တရားဥပဒေပြင်ပက အင်အားကြီးတဲ့အုပ်စုက အင်အားနည်းတဲ့အုပ်စုကို အနိူင်ကျင့်ကြတယ်။ ပြည်တွင်းပြဿနာတွေ ဖြစ်နေချိန်မှာ တရားဥပဒေ မစိုးမိုးရာ သို့မဟုတ် လက်လှမ်းမမီတဲ့ နေရာက ပြည်သူလူထုရဲ့ ဘဝရှင်သန်ရပ်တည်ရေးဟာ အထူးစိုးရိမ်းစရာ ဖြစ်လာတယ်။ အချို့က သူ့အကျိုးစီးပွားအတွက်ပါ။ နောက်ထပ်ပြောရရင် မည်သူ့အတွက်မျှ ကောင်းကျိုးတစ်စုံတစ်ရာ မဖြစ်စေပဲ သူ့အကျိုးစီးပွားအတွက် အယုတ်တ ဆဲနည်းမျိုးစုံနဲ့ ထင်ရှားလာတဲ့ အမျိုးသမီးတစ်ယောက်ကို အားလုံးသိကြမှာပါ။ လူကောင်း မဟုတ်တဲ့ အနိူင်ကျင့်သူတွေက အထင်ကရ လူပုဂ္ဂိုလ်တွေကို လိုက်လံဆဲဆို ခြိမ်းခြောက် သတ်ဖြတ် နေတာတွေက ကမ္ဘာ့အလယ်မှာ မြန်မာအတွက် အရှက်ရပြီး သင်ခန်းစာယူစရာ ဖြစ်လာတယ်။ သူ့တို့အချင်းချင်း သုတ်သင်ရှင်းလင်းမှုတွေ ဖြစ်လာတဲ့အခါ မတရားမှုတွေလို့ ပြောဆိုကြပြီး သာမာန် အရပ်သားသတ်ဖြတ်မှုတွေက တရားပါသလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ မြန်မာ့ ပြည်တွင်းပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေမရှာပဲ လက်နက်ကိုင်ဖြေရှင်းနည်းဟာ တိုက်ပွဲ(စစ်)ကိုဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ။

တိုက်ပွဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ပန်းနဲ့ပေါက်တာ မဟုတ်ပါဘူး။ နေရာတချို့မှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ယောက်ကျားပြန်မလာတော့တဲ့ အမျိုးသမီးတွေ၊ သားတစ်ကွဲ မယားတစ်ကွဲဖြစ်နေသူတွေ၊ ရင်ခွင်ပျောက်နေတဲ့ ကလေးတွေနဲ့ ကလေးတွေပျောက်နေတဲ့ မိခင်ရင်ခွင်တွေဟာ ဆင်ခြင်တုံတရား အားနည်းတဲ့ သူတစ်စုကြောင့် နိုင်ငံရေးပယောဂ တိုက်ပွဲတွေကြားမှာ ဝမ်းနည်းကြေကွဲစရာတွေအဖြစ် မြင်တွေ့နေရတယ်။ ပြည်တွင်းစစ်ဒဏ် အကြာရှည်ဆုံး နိုင်ငံအဖြစ် တိုင်းသူပြည်သားများသာ မကကမ္ဘာကပါ ပြောစရာတွေဖြစ်လာတယ်။ နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း အကြမ်းဖက်တိုက်ပွဲရှောင် လူဦးရေ ဆယ်ဆကျော်တိုးလာတယ်။ ၂၀၂၁/၂၂ ခုနှစ် အကြမ်းဖက်တိုက်ပွဲတွေက နိုင်ငံရေး ပယောဂတွေကြောင့် မသိနားမလည်သေးတဲ့ တိုင်းသူပြည်သားတချို့ အသုံးချခံနေရတာ ဝမ်းနည်းစရာ တွေ့လာရတယ်။ မည်သည့်တိုင်းပြည်နိုင်ငံမဆို စစ်ပွဲဖြစ်ရာဒေသတွေက တိုင်းသူပြည်သားတွေဟာ ရှာဖွေထားသမျှ ငွေကြေးသာမက ကျန်းမာရေးပစ်၊ ပညာရေးပစ်၊ စီးပွားရေးပစ်၊ ဘာသာရေးပစ်၊ လူမှုရေးပစ်၊ အိုးပစ်၊ အိမ်ပစ်၊ နေရပ်ဒေသပစ်နဲ့ ဘယ်အရာမဆို မျှော်လင့်ချက်မဲ့စွာနဲ့ အသက်ရှင်သန်ရပ်တည်နိူင်ရေးအတွက် ထွက်ပြေးကြရတယ်။ တိုက်ပွဲ(စစ်)အားလုံးဟာ အနှုတ်လက္ခဏာ ဆိုးကျိုးကလွဲပြီး ဘာမှကောင်းကျိုးမပြုပါဘူး။ ဒါကို အများက နားလည်ထားဖို့ လိုပါတယ်။ နှစ်ပေါင်း ၇၀ ကျော်အကြာ လက်နက်ဆွဲကိုင်ခဲ့တဲ့ Eaos တွေလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်လာတာ တိုက်ပွဲဖြစ်ပွားရာဒေသက တိုင်းရင်းသားပြည်သူများအတွက် ဝမ်းသာစရာပါ။ ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်ကနေ နှစ်ပေါင်း ၇၀ ကျော်အကြာ တတိယမျိုးဆက်အထိ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသားပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်´´ ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

တိုင်းပြည်နိုင်ငံကို တည်ဆောက်ရာတွင်ပြည်သူ ပြည်သားများ၏ သိမြင် နားလည် လက်ခံနိုင်မူ စွမ်းရည်(Assimilation)သည် အလွန်အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် အံ့ချော်သွားနိုင်သည့် အုပ်စုဖွဲ့တွေးမြင်ချက် (Groupthink) များဖြစ်ပေါ်လာစေပြီး တိုင်းပြည်နိုင်ငံကို ပျက်ဆီးစေသည့် အပြင် ပြည်သူပြည်သားများ၏ အသက်၊အိုးအိမ် စည်းစိမ်များကိုလည်း ဆုံးရှုံးစေနိူင်သည်။ Groupthink ဆိုသည်မှာ စဉ်းစားတွေးခေါ်သည့် အလေ့အထများ သို့မဟုတ် အုပ်စုကိုယ်စားပြု ဆုံးဖြတ်ချက် ချမှတ်မှုများသည် ပြုလုပ်နေကျထုံးစံအတိုင်း စနစ်တကျ အပြန်အလှန်ဆွေးနွေးသုံးသပ်ခြင်းမပြုလုပ်ဘဲ အဖြေထုတ်ယူခြင်းနှင့် အရည်အသွေး ညံ့ဖျင်းသည့် ဆုံးဖြတ်ချက်များကို ချမတ်ခြင်းတို့ပင်ဖြစ်ချေသည်။

နိုင်ငံရေး (Institutions)၊ အုပ်ချုပ်ရေး (Institutions)၊ စီးပွားရေး (Institutions) တို့တွင် အသင်းအဖွဲ့စိတ်ဓါတ် (Team Spirut)ဖြစ်ပေါ်လာစေရန် တည်ဆောက်နိုင်ခြင်းမရှိပဲ အုပ်စု(Group) အဆင့်တွင်သာ ရပ်တည်နေလျှင် တိုင်းပြည်နိုင်ငံနှင့် တိုင်းသူပြည်သားများအတွက် အန္တရာယ်ကြီးလှပေသည်။ Instigutiona များခိုင်မာအားကောင်းနေသည့်အတွက် တိုင်းပြည်နိုင်ငံ ပျက်စီးမသွားခြင်းဖြစ်သည်။ အနာဂတ် တိုင်းပြည်နိုင်ငံအတွက် သင်ခန်းစာယူစရာပင် ဖြစ်ချေသည်။

အဓီက ပြည်တွင်းပြဿနာ၏ရင်းမြစ်မှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲနှင့် ပက်သက်ပြီး အခြေခံအကြောင်းရင်း တစ်ရပ်ဖြစ်သည့် အခြေခံကိန်းဂဏာန်း အချက်အလက်များ (Data)နှင့် စာရင်းအင်းကိန်းဂဏာန်း အချက်အလက်များ (Statistics) ၏ သဘောသဘာဝကို စနစ်တကျ မလေ့လာခြင်းနှင့် လျစ်လျူရှုခဲ့ခြင်းများ၏ အကျိုးရလာဒ်များပင် ဖြစ်ပေသည်။

“တချို့က ဒီမိုကရေစီဗန်းပြပြီး ပြည်သူအတွက်ဆိုကာ အာဏာရှင်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။ အာဏာရှင်စနစ်ရဲ့ လက္ခဏာတွေက ခေါင်းဆောင်ကြီး တစ်ဦးထားရှိပြီး သူ့ရဲ့အတွေးအခေါ်နဲ့ လုပ်ဆောင်မှုမှန်သမျှကို အမြဲမှန်ကန်တယ်ဟု ယုံကြည်ကြတယ်။ သူ့ကို မရိုသေရင်၊ သစ္စာဖောက်ရင် မကြည်ညိုရင် သုတ်သင်ရှင်းလင်းကြတယ်။ သူ့ရဲ့ အတွေးအခေါ်နဲ့ ဆောင်ရွက်ချက်တွေကို သံသယရှိတာတို့ လက်မခံတာတို့ ပြုလုပ်မိရင်လည်း သုတ်သင်ရှင်းလင်းခြင်းတွေက အာဏာရှင်တွေရဲ့ စရိုတ်လက္ခဏာတွေပဲ။ ပါတီစုံစနစ်မှာ လူဆိုတာမှားတက်တဲ့ သတ္တဝါအဖြစ် နားလည်လက်ခံပေးပြီး မသိခြင်း၊ မတတ်ခြင်း၊ မမြင်နိူင်ခြင်းကြောင့် မှားယွင်းမူတွေကို ဝေဖန်ထောက်ပြမယ့် အတိုက်အခံကို သဘောထားကြီးစွာ လက်ခံပေးထားကြတယ်။ နိူင်ငံရေးနဲ့ အုပ်ချုပ်ရေးကို ကောင်းစွာခွဲခြားတတ်ဖို့ လိုပါတယ်။ မည်သည့်နိုင်ငံမဆို အမျိုးသားအကျိုးစီးပွားအဖြစ် ရေရှည်ရှင်သန်ရပ်တည်ရေး၊ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းပြည်နိုင်ငံ လုံခြုံရေးအာမခံချက်ရှိရရှိရေးတွေကို ထားရှိပြီး အခြားအဆင့် အမျိုးသားအကျိုးစီးပွားတွေကို အခြေအနေအရ ဦးစားပေးအစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်ကြတာကိုတွေ့ရှိရတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်က ဦးဆောင်ချမှတ်ထားတဲ့ ပဓာနအဆင့်အမျိုးသားအကျိုးစီးပွားက တို့တာဝန်အရေးသုံးပါးဖြစ်တာ တွေ့ရတယ်။ အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်ပြီး ဦးစားပေး အစီအစဉ်တွေ ချမှတ် ကျင့်သုံး အကောင်အထည်ဖော်ရန် အထူးလိုအပ်ပါတယ်။ ဒီအချက်တွေက သုံးတက်ရင်ဆေး၊ မသုံးတက်ရင်ဘေးဆိုသလို အရေးကြီးတဲ့ နိုင်ငံရေး (Identity Politics) တွေဖြစ်တယ်။ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းမယ့် အစီအစဉ်တွေ (Programme) မရှိခဲ့ရင် အစွန်းရောက်ပြီး တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ပေါင်း မြောက်များစွာကို သေကြေပျက်ဆီးစေတဲ့ အပြင် တိုင်းပြည်နိုင်ငံလည်း ပျက်ဆီးစေနိူင်တယ်´´ဟု ပညာရှင်များက ဆိုသည်။

ထို့ကြောင့် “Darkness cannot drive out drankness; only light can do that” အမိုက်အမှောင်ကို အမိုက်အမှောင်ဖြင့် ပျောက်ကွယ်သွားစေရန် မစွမ်းဆောင်နိုင်၊ အလင်းရောင်ကသာ အမိုက်အမှောင်ကို ကွယ်ပျောက်စေနိုင်သည်။ ထိုနည်းတူ “Hate cannot drive out hate;only love can do that.”အမုန်းကို အမုန်းဖြင့်ပျောက်ကွယ်သွားစေရန် မစွမ်းဆောင်နိုင်၊ ချစ်ခြင်းမေတ္တာကသာ အမုန်းကို ပယ်ဖျောက်စေနိုင်ဟု မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr.) ကဆိုသည်။

လူသတ္တဝါတို့သည် သဘာဝ နိယာမများကို ရှာဖွေ၊ ထုတ်ဖော် အသုံးပြုကြရာတွင် အကြောင်းနှင့် အကျိုးကို အခြေခံကာ သဘောတရားများ၊ သီအိုရီများကို တီထွင်ထုတ်ဖော်ပြီး၊ လူသားတို့၏ ကောင်းကျိုးချမ်းသာကို ရရှိနိုင်စေရန်အတွက် ဆောင်ရန်၊ရှောင်ရန် အချက်များကို သတ်မှတ်၊ ချမှတ် ပြဌာန်းလေ့ရှိကြသည်။ ယင်းအခြေအနေတွင် တိုင်းသူပြည်သား လူအများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်း ဘဝလုံခြုံရေးကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးစွမ်းနိုင်သော အမြဲတမ်း၊ ပုံမှန် အလုပ်များဖြင့် သက်ဆိုင်ခြင်းမရှိပဲ သီးခြားလုပ်ငန်းများ ဖြစ်သည့် ယာယီ အချိန်ပိုင်း ရေတိုလုပ်ငန်း စသည်အလုပ်အကိုင်များဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေကို ရရှိစေပြီး တည်ငြိမ်မှုကိုဖြစ်ပေါ်စေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ် စာမျက်နှာ ၉၅ ပြည်ထောင်စုစာရင်းစစ်ချုပ်ခန့်အပ် တာဝန်ပေးခြင်းခေါင်းစဉ်အောက်ရှိ ပုဒ်မ ၂၄၂။(က)(၄)(ဂဂ) နှင့်စာမျက်နှာ ၉၆ နှင့် ၉၇ ရှိ ဒုတိယစာရင်းချုပ် ခန့်အပ်တာဝန်ပေးခြင်း ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၂၄၄။(က)(၄)(ဂဂ) တို့ကိုလေ့လာရာတွင် ရေးဆွဲစဉ်အခါက စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့် ပညာရှင်များ ပါဝင်ခြင်း အားနည်းသည်ဟု ယူစရသည်။
(ကျန်ရှိသော အကြောင်းအရာများကို ဆက်လက်ဖေါ်ပြမည်)

နိဂုံးချုပ်အနေဖြင့် အထက်ဖော်ပြပါ သဘောတရားကို အခြေခံကာ ယနေ့အချိန်တွင် တိုင်းပြည်နိုင်ငံအတွင်း နေ့စဉ် ဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်တွေ့ကြားသိရသည့် အခြေအနေ အရပ်ရပ်တို့မှာ မည်သည့် အကြောင်းတရားများကြောင့် အကျိုးတရားများ အဖြစ်ပေါ်ပေါက်လာသည်ကို အခြေခံ၍ အကြောင်းရင်း အမျိုးမျိုးကို ရှာဖွေဖော်ထုတ်ကာ ထပ်တလဲလဲ၊ ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေသည့် အကျင့်စရိုက် အမွေဆိုးများကို ရှောင်ရှားနိုင်စေရန် စဉ်စားသင့်ပေသည်။

တင်ပြသူ – မိုးမြင့်မောင်
ကိုးကား – ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏စာ၊ အသိပညာရှင်/ပညာရှင်များ၊ စောင့်ကြည့်လေ့လာသူများ၊ သာမာန်လူပုဂ္ဂိုလ်များနှင့် ပြည်တွင်း/ပြည်ပသတင်းများ

(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။