Trending Now

ထိုင်းနိုင်ငံမှာ မီးရှူးမီးပန်း ဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ကိုးဦး သေဆုံးခဲ့

Spread the love

ထိုင်းနိုင်ငံမှာ မီးရှူးမီးပန်း ဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ကိုးဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃၁

ထိုင်းနိုင်ငံက မီးရှူးမီးပန်းဂိုဒေါင်တစ်ခု စနေနေ့ (ဇူလိုင် ၂၉ ရက်) က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူကိုးဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရအကြီးတန်းအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းကို ပြောပါတယ်။

ပေါက်ကွဲမှုဟာ နာရသီဝပ် ပြည်နယ်တောင်ပိုင်း ဆန်ကိုင်ကိုလော့ မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အဦ လုပ်ငန်းခွင်အတွင်း ဂဟေဆော်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ယူဆရကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

“ဆန်ကိုင်ကိုလော့ မြို့မှာ မီးရှူးမီးပန်းတွေ သိုလှောင်ထားတဲ့ ဂိုတောင်တစ်ခု မနေ့က ဖြစ်ပွားခဲ့ပြီး နောက်ဆုံး သတင်းရရှိချက်အရ သေဆုံးသူ ၉ ဦးနဲ့ ၁၁၅ ဦး ဒဏ်ရာရှိခဲ့တယ်” လို့ နာရသီဝပ် အုပ်ချုပ်ရေးမှူး ဆန်နွန် ပွန်ဂဆွန်က အေအက်ဖ်ပီကိုပြောပါတယ်။

“မီးလောင်မှုကို ထိန်းချုပ်နိုင်ပါပြီ။ ပဏာမ စုံစမ်းမှုတွေအရ အဆောက်အဦဟာ ဆောက်လုပ်ဆဲဖြစ်တဲ့အတွက် သံမဏိဂဟေဆက်တဲ့ လုပ်ငန်းစဉ်မှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်လို့ ဆိုပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ မှတ်တမ်းတွေအရ ကြီးမားတဲ့ မီးခိုးလုံးတွေ လေထုထဲကို တက်လာပြီး ပေါက်ကွဲမှုအင်အားကြောင့် ဈေးဆိုင်တွေ၊ နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေ အများအပြား ပျက်စီးနေတာကို တွေ့ရပါတယ်။

“ကျွန်မ အိမ်ထဲမှာ ဖုန်းနဲ့ဆော့နေရင်း ရုတ်တရက် ကျယ်လောင်တဲ့ မိုးခြိမ်းသံတစ်ခု ကြားလိုက်ရပြီး တစ်အိမ်လုံး တုန်လှုပ်သွားတယ် အပြင်ကို ကြည့်လိုက်တော့ အိမ်ပြိုကျပြီး မြေပြင်ပေါ်မှာ လူတွေ လဲနေတာ တွေ့တယ်။ အကုန် ပရမ်းပတာ ဖြစ်နေတယ်”လို့ ဂိုတောင်နဲ့ မီတာ ၁၀၀ အကွာမှာ နေထိုင်တဲ့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆောက်လုပ်ရေးကဏ္ဍမှာ ဘေးကင်းရေးဆိုင်ရာ စံချိန်စံညွန်းတွေ ညံ့ဖျင်းတဲ့အတွက် လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ လအတွင်းမှာလည်း ဘန်းကောက်မြို့မှာ ဆောက်လက်စ မိုးပျံတံတားပြိုကျမှုဖြစ်ပွားခဲ့လို့ လူ ၂ ဦးသေဆုံးခဲ့ပါတယ်။

Ref; AFP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။