Trending Now

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက် ဂျူဒိုသင်တန်းဖွင့်လှစ်

Spread the love

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသူကျောင်းသားများအတွက် ဂျူဒိုသင်တန်းဖွင့်လှစ်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်တွင် ယမန်နေ့ ဇန်နဝါရီလ (၁၆)ရက်နေ့မှ စတင်ကာ ကျောင်းသားကျောင်းသူများအတွက် အခြေခံဂျူဒိုသင်တန်း၊ အဆင့်မြင့် ဂျွမ်းထိုးနည်းသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် ဂျူဒိုအားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဆု များရရှိခဲ့သည့်အတွက် ဂျုဒိုအားကစားပိုမိုမြင့်မားလာနိုင်ရေး၊ အာဆီယံတက္ကသိုလ်များအဆင့် ပြိုင်ပွဲများတွင် ပါဝင်နိုင်စေရန်အတွက် ရည်ရွယ်ကာ ဖွင့်လှစ်ဖြစ်ခဲ့ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ ကချင်ပြည်နယ်က ပြီးခဲ့တဲ့ နှစ် တိုင်းနဲ့ ပြည်နယ် ဂျူဒိုအားကစားပြိုင်ပွဲတွေမှာ အမျိုးသား၊ အမျိုးသမီး စုပေါင်း တံခွန်စိုက်ဆုတွေ၊ အမျိုးသား၊ အမျိုးသမီး အကောင်းဆုံးဆုတွေ ရရှိခဲ့တယ်၊ ဒီလိုမျိုးအောင်မြင်မှုတွေက နောက်နှစ်နောက်နှစ်တွေမှာလဲ ရနိုင်ဖို့အတွက် အခုလိုသင်တန်းလေးကို ဖွင့်လှစ်ဖြစ်ခဲ့တာဖြစ်တယ်၊ တက္ကသိုလ်အဆင့် ဖွင့်တာဖြစ်တဲ့အတွက် ဒီကနေ အာဆီယံအထိ ယှဉ်ပြိုင်နိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သင်တန်းကို ဇန်နဝါရီလ (၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၆)ရက်နေ့အထိ တစ်လကြာ သင်ကြားသွားမည်ဖြစ်ကာ ဂျူဒိုအခြေခံကျ နည်း (၇)မျိုး နှင့် အဆင့်မြင့်ဂျွမ်းထိုးနည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလို သင်တန်းတွေကနေတဆင့် ပြိုင်ပွဲတွေလုပ်ပေးမယ်ဆိုတော့ ကျောင်းသားကျောင်းသူတွေအတွက် အခွင့်အရေးတွေရလာနိုင်တယ်၊ အာဆီယံတက္ကသိုလ်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးတွေရှိတာကြောင့် ကျွန်တော်တို့ အနေနဲ့ နည်းပြတွေ၊ဆရာတွေနဲ့ သေသေချာချာ လေ့ကျင့်ပြီး ပြင်ဆင်သွားကြပါမယ်” ဟု သင်တန်းတက်ရောက်နေသူ ကျောင်းသားတစ်ဦးကပြော သည်။

ယခု ဖွင့်လှစ်သည့် ဂျူဒိုသင်တန်းတွင် တက်ရောက်ကြသည့် သင်တန်းသားအတွက် ပြိုင်ပွဲများပြုလုပ်သွားရန် စီစဉ်လျှက်ရှိပြီး ယင်းမှ တဆင့် ဂျုဒိုဆပ်ကော်မတီနှင့် ပူးပေါင်းကာ အာဆီယံတက္ကသိုလ်များအဆင့်သို့ ယှဉ်ပြိုင်နိုင်သည်အထိ ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းသင်တန်းတွင် ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ် နှင့် ကချင်ပြည်နယ် ဂျူဒိုဆပ်ကော်မတီ တို့ ပူးပေါင်းကာ သင်တန်းနည်းပြ (၁၀)ဦးမှ သင်တန်းတက်ရောက်သူ ကျောင်းသားကျောင်းသူ (၃၇၀) ဦးကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။