Trending Now

တနိုင်း-မြစ်ကြီးနားသွားလမ်း ကောင်ရာကျေးရွာအနီးတွင် တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်ပွား

Spread the love

တနိုင်း-မြစ်ကြီးနားသွားလမ်း ကောင်ရာကျေးရွာအနီးတွင် တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်ပွား

EPN
မြစ်ကြီးနား ၊ ဇွန်လ ၁၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာ နှင့် နန်ဖြတ်ကျေးရွာအကြား တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့ ယနေ့မနက် ၇ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာအနီးရှိဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ ဒွန်ဘန်ကျေးရွာမှ တနိုင်းဘက်သို့ နယ်မြေရှင်းလင်းရန်သွားနေသော တပ်မတော်တပ်ဖွဲ့များကို ကေအိုင်အေတပ်ဖွဲ့မှ စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က စစ်သားတွေက တနိုင်းဘက်ကိုသွားနေတာ၊လူအင်အားလည်းများတယ် ရာဝန်းကျင်လောက်ရှိတယ်၊ မနက်အစောကြီးသေနတ်သံတွေ ၊လက်နက်ကြီးသံတွေရောကြားနေရတယ်၊တစ်နာရီနီးပါးကိုဖြစ်ကြတာ၊‌မနေ့ကလည်းသူတို့စစ်ကြောင်းနှင့်ပဲ တိန်ကောက်အကျော်မှာတိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ကြားတယ်၊အခုဒီနားဖြစ်တာကလယ်တောနားတစ်လျှောက်ပဲဖြစ်တာဆိုတော့ကျွန်တော်တို့လယ်တောသွားရတာတွေ ရပ်နားထားရတယ် ဘယ်ချိန်လက်နက်ကြီးတွေကျလာမလဲဆိုတာမသိနိုင်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲ‌ကြောင့်ကျေးရွာရှိပြည်သူများနေအိမ် လူ၊တိရစ္ဆာန်များ ထိခိုက်ခြင်းမရှိသော်လည်း တိုက်ပွဲဖြစ်ပွားနေသောနေရာများမှာ ကျေးရွာပြည်သူများ လုပ်ကိုင်နေသောလယ်တောအနီးတစ်လျှောက်‌တွေမှာ ဖြစ်နေသည့်အတွက် ကျေးရွာရှိပြည်သူများအနေဖြင့် လယ်တောထဲသွားလာလုပ်ကိုင်သည့်အချိန် လက်နက်ကြီးများကျလာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

အဆိုပါတိုက်ပွဲမဖြစ်ပွားချိန် ယမန်နေ့တွင်လည်း တိန်ကောက်ကျေးရွာအကျော်တွင် ၎င်းနယ်မြေရှင်းလင်းရေးတပ်ဖွဲ့နှင့် ကေအိုင်အေ တပ်ဖွဲ့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယခုဇွန်လအတွင် တနိုင်း-မြစ်ကြီးနား သွားလမ်းအကြားတွင် တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွား
လျှက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။