Trending Now

အနာဂတ် အလင်းတန်းများနှင့် ချီဖွေခရိုင်

Spread the love

အနာဂတ် အလင်းတန်းများနှင့် ချီဖွေခရိုင်

EPN
ဆောင်းပါး
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်

ကချင်ပြည်နယ်ရဲ့ တောင်ပေါ်ဒေသ တစ်ခုဖြစ်တဲ့ ချန်းမောခုံး ဒေသဟာဆိုရင် အလွန်အေးချမ်းပြီး ငြိမ်းချမ်းရေး အသီးအပွင့်တွေနဲ့ ဝေဆာနေတဲ့ ဒေသ လေးတစ်ခုပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲ အအသီးအပွင့်တွေကို ခံစားရတဲ့ ဒေသတစ်ခု ဆိုရင်လဲ မမှားပါဘူး။ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာမှုတွေကလည်း ငြိမ်းချမ်းရေးသင်္ကေတ တစ်ခုပါပဲ။

ကချင်ပြည်နယ်အတွင်းက ချန်းမောခုံးဒေသဟာဆိုရင် ချီဖွေခရိုင်ထဲမှာ ပါဝင်ပါတယ်။ ချီဖွေခရိုင်ဟာဆိုရင်လဲ ချီဖွေမြို့နယ်ကနေ ချီဖွေခရိုင်အဖြစ် နိုင်ငံတော် အစိုးရကနေ အဆင့်တိုးမြှင့်ပေးခဲ့တာပါ။ ဒီလို ခရိုင်အဆင့်တိုးမြှင့်ပေးလိုက်တဲ့အတွက် ပညာရေး၊ ကျန်မာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကအစ ပိုမိုတိုးတက်လာခဲ့ပါတယ်။ လာမယ့်နှစ်မှာ ဆိုရင်လဲ ခရိုင်အဆင့် ဖြစ်သွားတဲ့အတွက် အစိုးရရုံးတွေ ချီဖွေမှာ တည်ဆောက်ဖို့ လျာထားချက်တွေကို ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ အစိုးရရုံးတွေကို ချီဖွေမှာ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တဲ့အတွက် ယခင်ကလို အစိုးရရုံးကိစ္စတွေကို မြစ်ကြီးနားအထိဆင်းပြီး ဆောင်ရွက်စရာ မလိုတော့ပါဘူး။ ချီဖွေမြို့မှာတင် ဆောင်ရွက်နိုင်တော့မှာဘဲ ဖြစ်ပါတယ်။ အဓိကကတော့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အကျိုးကျေးဇူးတွေကို ခံစားရရှိတော့မှာဘဲ ဖြစ်ပါတယ်။

ဒီလို ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဝေဆာလာတဲ့ ချီဖွေခရိုင်ဟာဆိုရင် ကချင်ပြည်နယ် အထူးဒေသ (၁) အထဲမှာ ပါဝင်ပါတယ်။
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့ဟာဆိုရင် မြစ်ကြီးနားမြို့ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်မှာ တည်ရှိပါတယ်။ အရှေ့တောင်ဖက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့နဲ့ ၄၀ မိုင်ခန့်သာကွာဝေးပါတယ်။ မြောက်ဖက်မှာ လောခေါင်၊ ထော့ဂေါ့၊ ဖီမော်၊ ဆော့လော်မြို့တွေကို မော်တော်ကားလမ်းနဲ့ ဆက်သွယ်ထားပါတယ်။ တောင်ဘက်မှာတော့ မြစ်ကြီးနားမြို့နဲ့ မော်တော်ကားလမ်း ဆက်သွယ်ထားရှိပါတယ်။

ချီဖွေမြို့ကို ယခင်က မြစ်ကြီးနားမြို့ကနေ သွားမယ်ဆိုရင် လေးည၊ ငါးညအိပ်ခန့် သွားရပါတယ်။ အကြောင်းကတော့ ခရီးမိုင်ဝေးကွာ၍မဟုတ်။ အကွေ့ အကောက် အလွန်ပေါများပြီး လမ်းခရီးဆိုးသောကြောင့်ဖြစ်ပါတယ်။ မိုးတွင်းဆိုရင် တော်ရုံကားတွေ တက်၍မရအောင်ကို အန္တရာယ်များလွန်းလှပါတယ်။ ဒီလမ်းပိုင်းကိုတော့ ပြည်သူ့စစ်တွေက စတင်ပြီး ကြိုးပမ်းပေးခဲ့ခြင်းဖြစ်ပါတယ်။ လမ်းအရမ်းဆိုးတဲ့ နေရာတွေကို ကျောက်လမ်းတွေဖြစ်အောင် ခင်းပေးခဲ့ပါတယ်။ ဒီကနေမှတစ်ဆင့် ၂၀၁၅ ခုနှစ် ဦးသိန်းစိန်လက်ထက်မှာ နိုင်လွန်ကတ္တရာလမ်းကို ခင်းပေးခဲ့ပြီး ကတ္တရာလမ်းဟာဆိုရင် အခုလက်ရှိ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံအထိ ရောက်ရှိပါတယ်။ ထိုမှတစ်ဆင့် ချီဖွေမြို့အထိ ကွန်ကရစ်လမ်းကိုလည်း ခင်းပေးထားပါတယ်။ အခုဆိုရင် မြစ်ကြီးနားမြို့ကနေ ချီဖွေကို မော်တော်ကားနဲ့ သွားမယ်ဆိုရင် သုံး၊ လေး နာရီသာ အချိန်ပေးရတော့ပါတယ်။ ယခင်လို ညအိပ်သွားစရာမလိုတော့ပါဘူး။ ဆက်လက်ပြီး ချီဖွေမှ ပန်ဝါ၊ ဖီမော်၊ ဆော့လော်မြို့ တွေကိုသွားတဲ့ လမ်းပိုင်းတွေကိုလည်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွေ စတင်ပြုလုပ် အကောင်အထည်ဖော်ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ဆက်သွယ်ရေးအတွက် တာဝါတိုင်တွေကို မြေနေရာရှာဖွေ သတ်မှတ်ကာ ဖောင်ဒေးရှင်းချထားပြီးဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရက ဘတ်ဂျက်ရတာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တော့မှာဘဲ ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုနဲ့အတူ ယှဥ်တွဲလျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာပဲ ဖြစ်ပါတယ်။ ကုန်စည်တွေကို အချိန်နဲ့တပြေးညီ သယ်ယူလာနိုင်ပြီး၊ အဆင်ပြေ ချောမွေ့စွာ သယ်ယူနိုင်တာကြောင့် မြစ်ကြီးနားမြို့ရဲ့ ကုန်စျေးနှုန်းနဲ့လည်း ကွာဟမှုမရှိတော့ပါဘူး။ ငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲ အသီးအပွင့် သို့မဟုတ် ငြိမ်းချမ်းရေးရဲ့ အကျိုးရလဒ် ပြယုဒ် တစ်ခုပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အထူးဒေသ (၁) ဆိုတာနဲ့ ထာဝရငြိမ်းချမ်းရေး ဥက္ကဋ္ဌကြီး ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ဦးဇခုန်တိန့်ယိန်းကို ပြေးမြင်မိကြမှာ မလွဲပါဘူး။ ဦးဇခုန်တိန့်ယိန်းဟာဆိုရင် နယ်ခြားစောင့်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ဒီမိုကရက်သစ်တပ်မတော်-ကချင် NDA (K) လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ဝိုင်းမော်၊ ချီဖွေနှင့် ဆော့လော် မြို့နယ်တွေပါဝင်တဲ့ ကချင်ပြည်နယ် အထူးဒေသ (၁) ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။

ဒီမိုကရေစီပါတီသစ် (ကချင်) N.D.P ကို ၂၀၁၉ ခုနှစ်မှာ ထူထောင်ခဲ့ပြီး နာယက အဖြစ်တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်ပြည်နယ် အထူးဒေသ (၁)ဟာ လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း၊ လီဆူ၊ ရဝမ် စတဲ့ မျိုးနွယ်စုတွေ အခြေချနေထိုင်တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

ဦးဇခုန်တိန့်ယိန်းဟာ ကချင်မျိုးနွယ်စု တစ်ခုဖြစ်တဲ့ လာချိဒ်တိုင်းရင်းသား ခေါင်းဆောင်ဖြစ်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌လည်း ၁၉၆၃ ခုနှစ် အောက်တိုဘာလကနေ ၁၉၆၇ ခုနှစ်အထိ တပ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ တပ်မတော်အစိုးရ၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ တိုက်ပွဲဆင်နွှဲခဲ့ဖူးသူဖြစ်ပါတယ်။ KIA လက်နက်ကိုင်အဖွဲ့အတွင်းမှာ ငွေ၊ လက်နက်၊ လူအင်အား စုဆောင်းပေးခဲ့တဲ့အပြင် ကျရာတာဝန်တွေကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ KIA အဖွဲ့ရဲ့ သီးခြားဝမ်ပေါင် တည်ထောင်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးပမ်းလာမှုတွေကြောင့် တိုင်းရင်းသားညီအစ်ကိုတွေ သတ်ဖြတ်ကြတဲ့အထိဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး တိုင်းရင်းသားညီအစ်ကိုတွေကို အကြောင်းမဲ့ သတ်ဖြတ်တာ၊ တရားမျှတမှုမရှိ ပြုလုပ်လာတဲ့အတွက် KIA အဖွဲ့ကနေ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ အဖွဲ့ဟာ ခွဲထွက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာတော့ တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ဗကပ ၁၀၁ စစ်ဒေသကို ကချင်ပြည်နယ် အထူးဒေသ (၁) အဖြစ်သတ်မှတ်ကြေညာခဲ့ပါတယ်။အဲ့ဒီ့နောက် ဦးဇခုန်တိန့်ယိန်းက ဒီမိုကရက်သစ်တပ်မတော်-ကချင် NDA (K) အမည်နဲ့ အထူးဒေသ (၁) မှာလှုပ်ရှားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ကို ထူထောင်ခဲ့ပြီး၊ တပ်မတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးအစီအစဥ်ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်ဖော်ဆောင်ခဲ့ပြီးတော့ (NDA-K) ကို နယ်ခြားစောင့်တပ်ရင်း (၃)ခု အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် ဒေသတွင်း စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးနဲ့ လူမှုရေးကဏ္ဍတွေကိုလည်း တိုးတက်ဖွံ့ဖြိုးလာစေဖို့ ပုံဖော်ပေးခဲ့ပါတယ်။ လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့လည်း ကြိုးပမ်းလုပ်ဆောင်ပေးခဲ့ပါတယ်။ ဒေသခံတိုင်းရင်းသားလူမျိုးတွေနဲ့လည်း တွေ့ဆုံပြီး လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။

ဦးဇခုန်တိန့်ယိန်း ငြိမ်းချမ်းရေးအတွက် ဖြတ်သန်းခဲ့ရတဲ့ ကာလတစ်လျောက်ကို ကြည့်မယ်ဆိုရင်လည်း ကချင်ပြည်နယ် အထူးဒေသ (၁) ကို အောင်မြင်စွာ ထူထောင်နိုင်ဖို့အတွက် အသက်၊ သွေး၊ ချွေးတို့ကို ပေးဆပ်ပြီး ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် နည်းမျိုးစုံ ကြိုးစားခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ အခုချိန်မှာ အသက်အရွယ် ကြီးမြင့်လာတဲ့အတွက် အနားယူမယ်ဆို ယူနိုင်ပါတယ်။ သို့ပေမယ့်လည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသူ ဖြစ်တဲ့အတွက် အချိန်ရှိတိုင်း ဒေသ ဖွံ့ဖြိုးရေးကို ကြိုးစားပုံဖော်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဥက္ကဠကြီးဟာဆိုရင် ဒေသဖွံ့ဖြိုးရေးသာမက တိုင်းရင်းသားလူမျိုးတို့ရဲ့ ရိုးရာနဲ့ စာပေအပေါ်ကိုလည်း ချစ်မြတ်နိုးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်နိုင်ခဲ့မှုတွေကြောင့် နိုင်ငံတော်ကချီးမြှင့်ခဲ့တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့နဲ့ သီရိပျံချီဘွဲ့တွေကို ဒီနှစ်အတွင်းမှာ ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ငြိမ်းချမ်းရေးအတွက် ရေရှည်ကိုမျှော်ကိုးပြီး စီမံဆောင်ရွက်နိုင်မှုတွေကြောင့် အခုဆိုရင် ချီဖွေခရိုင်ဟာ တိုးတက်ဖွံ့ဖြိုးမှု အသီးအပွင့်တွေကို မျက်မြင်လက်တွေ့ ခံစားနေရပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် ငြိမ်းချမ်းရေး အသီးအပွင့်အဖြစ် ဒေသခံပြည်သူတွေ အေးချမ်းစွာ နေထိုင်၊ လုပ်ကိုင် စားသောက်နေရတာပါပဲ။ ရိုးရာပွဲလန်းသဘင်တွေကိုလည်း လွတ်လပ်စွာ ကျင်းပခွင့် ရကြပါတယ်။ သမိုင်းမှတ်တိုင်သစ်ကိုလည်း စိုက်ထူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးရဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းများစွာထဲက “ငြိမ်းချမ်းရေးသည် မည်မျှ အရေးကြီးကြောင်း၊ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်ရင်းသားလူမျိုး ၁၃၅မျိုးလုံး အတူတကွ တည်ဆောက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ မြန်မာနိုင်ငံတွင် အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး ခေတ်အလိုက်နိုင်ငံရေး ရေစီးကြောင်းတွင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း လက်ရှိနိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ငြိမ်းချမ်းရေးလမ်းစဥ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် နည်းပညာများလိုအပ်ပြီး၊ အချိန်၊ လူအင်အား၊ ငွေအင်အားလိုအပ်ကြောင်း “အဓိကဖြစ်သည့် ဆောင်ပုဒ်တစ်ခုဖြစ်သော “We are the World, We are the One” ဆောင်ပုဒ်ကိုလည်း အမြဲတစေ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆိုတာက ဒေသတစ်ခု ဖွံဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်တဲ့ အရေးကြီးသော အရာတစ်ခု ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဟာဆိုရင် ရေခံမြေခံကောင်းမွန်ပြီး သဘာဝသယံဇာတ တွင်းထွက်ရတနာတွေနဲ့ ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ တောတောင်ရေမြေသဘာဝကောင်းမွန်ခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့ကလည်း ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း နှစ်ပေါင်း ၆၀ အတွင်း လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထင်သလောက်အရာမရောက်ခဲ့ပါဘူး။ သူတစ်လူ၊ငါတစ်မင်း အတ္တတွေ ရှေ့တန်းတင်ခဲ့မှုကြောင့် မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂါတ်၊ဒေသခံပြည်သူ၊ပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နှစ်ပေါင်း ၆၀ အတွင်း ပေးဆပ်ခဲ့ရပြီးပါပြီ။

လာမယ့် အနာဂတ်ကာလက စပြီး ကချင်ပြည်နယ် အထူးဒေသ (၁) ကတော့ နေပြည်တော်မျှော်တိုင်းဝေးခဲ့ရသော ကာလများ ကုန်ဆုံးချိန် တိုင်ပါလေပြီ။ ငြိမ်းချမ်းရေးရဲ့ မှတ်တိုင်အဖြစ် ပန်းခင်းသောလမ်းကိုသာ ရှေ့ဆက်လျှောက်ဖို့ အားမာန်အပြည့်ဖြင့် ချီတက်ကြပါစို့။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။