Trending Now

တရုတ်နဲ့ ကုန်သွယ်မှုဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သြစတြေးလျကြိုးပမ်းနေ

Spread the love

တရုတ်နဲ့ ကုန်သွယ်မှုဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သြစတြေးလျကြိုးပမ်းနေ

EPN
နိုင်ငံတကာ၊ မေ ၁၂

တရုတ်နဲ့ ဆယ်စုနှစ်နီးပါးကြာ ဆက်ဆံရေးအကွဲအပြဲတွေရှိခဲ့တဲ့ သြစတြေးလျနိုင်ငံဟာ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနဲ့ ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

သြစတြေးလျကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီး ဒွန်းဖာရယ်လ်ဟာ သောကြာနေ့က တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှုတွေ ပြုလုပ်ခဲ့သလို တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေတဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိပြီဆိုတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ အေပီကသုံးသပ်ဖော်ပြထားပါတယ်။

ဒါ့အပြင် ဆစ်ဒနီမှာ သောကြာနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း နှစ်ဖက်စလုံးက နားလည်မှုနဲ့ ဆွေးနွေးပွဲတွေ လိုအပ်ပြီး အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်နိုင်သမျှ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒွန်းဖာရယ်လ် ပြောဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအဝင် အမျိုးမျိုးသော ပြဿနာတွေကြောင့် တရုတ်နဲ့ သြစတြေးလျနိုင်ငံတို့ ဆက်ဆံရေးဟာ တင်းမာလာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က သြစတြေးလျနိုင်ငံရဲ့ စွပ်စွဲချက်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျနိုင်ငံက ကျောက်မီးသွေး၊ ဝါဂွမ်းနဲ့ ကြေနီတွေကိုတင်သွင်းခွင့် ပိတ်ဆို့ထားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ သြစတြေးလျရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သဘောထားကွဲလွဲမှုတွေကြောင့် သြစတြေးလျရဲ့ စီးပွားရေးထိခိုက်မှု အကျိုးဆက်တွေဟာ သိသာထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က ပိတ်ဆို့ထားတဲ့ ကုန်ပစ္စည်းတွေကို မကြာသေးမီက ပြန်လည်တင်သွင်းခွင့်ပြုခဲ့တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး ပြန်လည်တိုးတက်လာပြီး ဆက်ဆံရေးငြိမ်သက်သွားတဲ့ သဘောကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

ကုန်သွယ်မှု ဆက်ဆံရေးပိုင်းမှာ တိုးတက်မှုတွေ ရှိနေပုံရပေမယ့် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာတော့ နှစ်နိုင်ငံသိသာထင်ရှားတဲ့ ကွဲပြားမှုတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

သြစတြေးလျဟာ အမေရိကန်ပြည်ထောင်စု နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်နေပြီး အမေရိကန်နျူကလီးယားနည်းပညာသုံး ရေငုပ်သင်္ဘောတွေကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒီလုပ်ဆောင်မှုအတွင်း သြစတြေးလျပါဝင်ပတ်သက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အမေရိကန်၊ အိန္ဒိယနဲ့ ဂျပန်တို့ ပါဝင်သော Quad ထိပ်သီးဆွေးနွေးပွဲတွင် သြစတြေးလျရဲ့ ပါဝင်ပတ်သက်မှုက တရုတ်နဲ့ ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့ပါတယ်။

ဒါပေမယ့်လည်း နှစ်ဖက်စလုံးက အဲ့ဒီပြဿနာတွေနဲ့ ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းဖို့ အချိန်ယူရမှာဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြပြီး ကုန်သွယ်မှု အပြည့်အ၀ ပြန်လည်စတင်နိုင်ဖို့အတွက် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နဲ့လည်း တွေ့ဆုံသွားမယ်လို့ ဒွန်းဖာရယ်လ် က ပြောကြားခဲ့ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။