Trending Now

အောင်လအန်ဆန်၏ စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်

Spread the love

အောင်လအန်ဆန်၏ စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၄

ONE Championship က စီစဉ်ကျင်းပသည့် Full Circle ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ ဖိုက်တာ အောင်လအန်ဆန်၏ စိန်ခေါ်ပွဲပါဝင်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းတွင် ဖော်ပြထားသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့သည် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ကာ ပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထားသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီက ပထမ အကြိမ် တွေ့ဆုံရာတွင် ဘစ်ဒက်ရှ်က အမှတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ်တွေ့ဆုံရာတွင် အောင်လအန်ဆန်က အမှတ်ဖြင့် ပြန်လည်အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပထမဆုံး ရယူနိုင်ခဲ့သည်။

ယင်းကစားသမား နှစ်ဦးသည် ပြီးခဲ့သည့် နှစ်ကြိမ်တွေ့ဆုံရာတွင် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရခြင်း ဖြစ်ပြီး ယခုအကြိမ်တွင်မူ စိန်ခေါ်ပွဲအဖြစ် ထိုးသတ်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် ယင်းနောက်ပိုင်း ပြန်လည်ထိုးသတ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ပြီး ငါးနှစ်နီးပါးအကြာမှသာ ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် လက်လွှတ်ရပြီးနောက်ပိုင်း စိန်ခေါ်ပွဲများသာ ထိုးသတ်နေရပြီး ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်ခွင့်မရသေးကြောင်း သိရသည်။

အောင်လ အန်ဆန်သည် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ၂၀၂၁ ခုနှစ် ဇူလိုင်လကုန်ပိုင်းက ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့်ထိုးသတ်ခဲ့ရာ ပထမအချီတွင် အလဲထိုး အနိုင်ရခဲ့ပြီး ဒုတိယမြောက် စိန်ခေါ်ပွဲအဖြစ် ဘစ်ဒက်ရှ်နှင့် ထိုးသတ်ရခြင်းဖြစ်သည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။