Trending Now

ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲနှင့် ငြိမ်းချမ်းရေး နောက်ဆက်တွဲ အသီးအပွင့်များ

Spread the love

ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲနှင့် ငြိမ်းချမ်းရေး နောက်ဆက်တွဲ အသီးအပွင့်များ
EPN
ဆောင်းပါး၊ မတ် ၄
မင်းရာဇာ-ရေးသည်

ကချင်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌ ဦးဇခုန်တိန့်ယိန်းမှ ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ချီဖွေမြို့နယ် လဗျူဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို တွေ့ဆုံပွဲတွင် တိုင်းရင်းသား လူမျိုးစုများဖြစ်သော လော်ဝေါ်၊ လာချိဒ်နှင့် ငေါ့ချန်း လူမျိုးစုတို့ အဓိက တက်ရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲသို့ စာရေးသူမှာလည်း အခါအခွင့်သင့်၍ တက်ရောက်ခွင့် ရရှိခဲ့ပြီး တွေ့မြင်ကြားသိခွင့် ရရှိခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲမှာ ကချင်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနှင့် ဘာသာစကားတူ မျိုးနွယ်စု ၃ စုတို့ အကြား ငြိမ်းချမ်းရေးရယူပြီးနောက် နှစ်ပေါင်း၃၀ ကျော်မှ ပထမဆုံး ပြန်လည်တွေ့ဆုံသည့်ပွဲဟုလည်း ဆိုရမည်ဖြစ်သည်။ ဘာသာစကားတူ မျိုးနွယ်စုများ တွေဆုံပွဲသို့ လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်း မျိုးနွယ်စုများမှ ကိုယ်စားလှယ်များ၊ မျိုးနွယ်စုခေါင်းဆောင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်း မျိုးနွယ်စုဝင်များ စုစုပေါင်းလူဦးရေ (၄၀၀)ကျော် တက်ရောက်ခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါသည်။

ဘာသာစကားတူ မျိုးနွယ်စုများ တွေဆုံပွဲ၏ ရည်ရွယ်ချက်မှာ မျိုးနွယ်တူလူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုရစေရန်၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားလူမျိုးများ အကြား စာပေနှင့်ယဉ်ကျေးမှုများ ပိုမိုထွန်းကားလာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သော်လည်း၊ ဥက္ကဌကြီးနှင့် မျိုးနွယ်စုများအကြား တူညီသည့် လိုလားချက်တစ်ခုမှာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့် အချက်ပင်ဖြစ်သည်။ ဥက္ကဌကြီးမှ အဖွင့်အမှာစကားပြောကြားသည့် အထဲတွင် ငြိမ်းချမ်းရေးသည် မည်မျှ အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုင်ရင်းသားလူမျိုး ၁၃၅ မျိုးလုံး အတူတကွ တည်ဆောက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ မြန်မာနိုင်ငံတွင် အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး ခေတ်အလိုက်နိုင်ငံရေး ရေစီးကြောင်းတွင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း လက်ရှိ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း၍ ငြိမ်းချမ်းရေးလမ်းစဉ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် နည်းပညာများလိုအပ်ပြီး၊ အချိန်၊ လူအင်အား၊ ငွေအင်အားလိုအပ်ကြောင်း၊ အဓိကဖြစ်သည့် မိမိတို့အားလုံးသည် ကမ္ဘာကြီးဖြစ်ပြီး၊ မိမိတို့အားလုံးသည် တစ်ဦး၊ တစ်ယောက်တည်းသာဖြစ်သည်ဆိုသည့် အဓိပ္ပါယ်သက်ရောက်သော ဆောင်ပုဒ်တစ်ခုဖြစ်သည့် We are the World,We are the One ဆောင်ပုဒ်ကိုလည်း ဥက္ကဌကြီးက အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ဥက္ကဌကြီး လမ်းညွှန်မှာကြားသည့် ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ပတ်သက်၍ မျိုးနွယ်စုများမှ သက် ဆိုင်ရာမျိုးနွယ်စုအလိုက် အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးဆုံးဖြတ်ချက်အရ စာတမ်းများပြုလုပ်၍ ဥက္ကဌကြီးသို့ ပြန်လည်တင်ပြခဲ့ကြပါသည်။ ထိုတင်ပြချက်များထဲတွင် အဓိကအချက်မှာ မျိုးနွယ်စု ၃ စုလုံး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့် သဘောတူညီချက်ပင် ဖြစ်သည်။

ကချင်အထူးဒေသ (၁) အတွင်းရှိ ဘာသာစကားတူ လော်ဝေါ်၊ လာချိဒ်နှင့် ငေါ့ချန်း မျိုးနွယ်စုများ မိမိကိုယ်စီ၏ စိတ်ကူးယဉ်၊ ကျွန်နိုင်ငံခေတ်နောက်ဆွဲမည့် အိမ်မက်ကမ္ဘာမှ နိုးထကာ အခြားညီနောင်မျိုးနွယ်စုများနှင့် အတူ စည်းလုံးညီညွတ်မှု ရယူ၍ ငြိမ်းချမ်းသာယာသော ကချင်အထူးဒေသ (၁) အဖြစ် ရပ်တည်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘာသာရေးကို အကြောင်းပြု ခုတုံးလုပ်၍ နိုင်ငံရေး၊ လူမျိုးရေးရှုပ်ထွေးမှုများ လုံးဝကင်းရှင်းစေရန် သက်ဆိုင်ရာ ဘာသာရေးအသင်းအဖွဲ့များအား အထူးသတိပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကချင်အထူးဒေသ(၁)ငြိမ်းချမ်းရေးနယ်မြေအား ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဖော်ဆောင်ပြီး မိမိတို့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်၊ အခွင့်အရေးများ ခံစားခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပါသည်။

ကချင်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌ ဦးဇခုန်တိန့်ယိန်းမှ ဘာသာစကားတူမျိုးနွယ်စုများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ၂၃ ရက်နေ့ ညပိုင်းတွင် တွေ့ဆုံပွဲ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်၍ စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး၊ လော်ဝေါ်၊ လာချိဒ်နှင့် ငေါ့ချန်းမျိုးနွယ်စုများမှ တိုင်းရင်းသားရိုးရာအကများ၊ မနောအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆိုသည်မှာ ဒေသတစ်ခု ဖွံဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်သည့် အရေးကြီးသော အရာတစ်ခု ဖြစ်ပါသည်။

ကချင်ပြည်နယ်သည် ရေခံမြေခံကောင်းမွန်ပြီး၊ သဘာဝသယံဇာတ တွင်းထွက်ရတနာများဖြင့် ပေါကြွယ်ဝသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ တောတောင်ရေမြေသဘာဝကောင်းမွန်ခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့ကလည်း ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသတစ်ခုလည်းဖြစ်ပါသည်။ သို့ရာတွင် နှစ်ပေါင်း ၆၀ အတွင်း လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ထင်သလောက်အရာ မရောက်ခဲ့ပေ။ သူတစ်လူ၊ငါတစ်မင်း အတ္တများရှေ့တန်းတင်ခဲ့မှုကြောင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်၊ ဒေသခံပြည်သူ၊ ပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်များ နှစ်ပေါင်း ၆၀ အတွင်း ပေးဆပ်ခဲ့ရပြီးလေပြီ။ ရွှေပြည်တော်မျှော်တိုင်းဝေးခဲ့ရသော ကာလများ ကုန်ဆုံးချိန်တိုင်ပါလေပြီ။
ချီဖွေမြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တွင် ပါဝင်သော မြို့နယ်အဆင့်မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့မှအရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ အရှေ့တောင်ဖက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နှင့် ၄၀ မိုင်ခန့်ကွာဝေးသည်။ မြောက်ဖက်တွင် လောခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။ တောင်ဘက်တွင် မြစ်ကြီးနားမြို့နှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။

 ချီဖွေမြို့မြောက်ဖက် မေခမြစ်ပေါ်တွင် ချီဖွေရေအားလျှပ်စစ်စီမံကိန်း (၃၄၀၀မဂ္ဂါဝပ်)ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ထိုရေအားလျှပ်စစ်စီမံကိန်းအကျိုးသက်ရောက်မှုအဖြစ် ချီဖွေမြိူ့လေးအတွက် ၂၄ နာရီအပြည့်အဝ လျှပ်စစ်မီးထွန်းလင်းနိုင်ခြင်းပင်ဖြစ်သည်။မြို့လေးအတွင်း ဘာသာရေးအဆောက်အအုံများကိုလည်းတွေ့မြင်နိုင်သည်။ မြို့၏ဂုဏ်ကျက်သရေဟုဆိုရမည့် အ.ထ.က ချီဖွေ ကျောင်းနှင့် ၂၅ ကုတင်ဆန့် မြို့နယ်ဆေးရုံကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ၎င်းအပြင် မြို့ထဲသို့ဝင်ဝင်ချင်း ချီဖွေမြို့လေးသို့ လာရောက်လည်ပတ်သူများ အဆင်ပြေချောမွေ့စွာ တည်းခိုနိုင်စေရန် ဖွင့်လှစ်ပေးထားသည့် လဗျူဟိုတယ်ကိုလည်း မြင်တွေ့ရမည် ဖြစ်ပေသည်။

ငြိမ်းချမ်းရေး၏ သင်္ကေတ၊ ငြိမ်းချမ်းရေး၏အကျိုးသက်ရောက်မှု၊ ငြိမ်းချမ်းရေး နောက်ဆက်တွဲ အသီးအပွင့်အဖြစ် ကချင်ပြည်နယ်ရှိ ချီဖွေမြို့ငယ်လေးသို့ စာရေးသူကိုယ်တိုင် ဘာသာစကားတူမျိုးနွယ်စုများ တွေ့ဆုံပွဲသို့ တက်ရောက်ရင်း လေ့လာခွင့်ရရှိခဲ့ပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဖက်ဖက်မှ ပြည့်စုံနေမှုများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ အထင်ကရ မြစ်ကြီးတစ်ခုဖြစ်သော ဧရာဝတီမြစ်ကြီးအဖြစ် စတင်ပေါင်းစုံစီးဆင်းသော မေခ၊ မလိခ မြစ်နှစ်သွယ်မှ မေခမြစ်စီးဆင်းရာ ဒေသတစ်ခုလည်းဖြစ်သည်။ တောတောင်ရေမြေ သဘာဝအလှနှင့် ပြည့်စုံသလို ဒေသခံလူမျိုးများ၏ ရင်းနှီးပျူငှာမှု၊ ရိုးသားဖော်ရွေမှုတို့မှာလည်း တကယ့်ကို ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ရပါသည်။

မင်းရာဇာ
ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။