Trending Now

ရွှေဈေးမြင့်တက်ခြင်းကြောင့် ဧရာဝတီတိုင်းမှ ရွှေဆိုင်များတွင် ရွှေလာရောက် ရောင်းချသူများသာရှိ

Spread the love

ရွှေဈေးမြင့်တက်ခြင်းကြောင့် ဧရာဝတီတိုင်းမှ ရွှေဆိုင်များတွင် ရွှေလာရောက် ရောင်းချသူများသာရှိ

EPN
ပုသိမ်၊ ဇန်နဝါရီ ၂၈ (၂၀၂၄)

ရွှေဈေးမြင့်တက်နေခြင်းကြောင့် ဧရာဝတီတိုင်းရှိ ရွှေဆိုင်များတွင် ရွှေအရောင်းရပ်တန့်လုနီးပါး အခြေအနေ ဖြစ်ပေါ်နေပြီး ရွှေလာရောင်းချသူများနေကာ ဇန်နဝါရီလအတွင်း ကာလပေါက်ဈေးထက် ရွှေတစ်ကျပ်သားလျင် အနည်းဆုံးကျပ် ၃၀၀၀၀ ခန့်ထိ ဈေးလျော့ကာ ရွှေဆိုင်များမှ ဝယ်ယူနေရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ၁၆ ပဲရည်ရွှေ တစ်ကျပ်သားလျှင် ဇန်နဝါရီလ ၂၈ ရက်တွင်ကျပ် ၃၅၅၀၀၀၀ ဈေးပေါက်နေပြီး၊ ရွှေဝယ်သူနည်းကာ ရောင်းချသူများနေကြောင်း ပုသိမ်မြို့ရှိ မိုးရတနာ ရွှေရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ ရွှေဈေးနှုန်းက မတည်ငြိမ်တော့ ဈေးနှုန်းသတ်မှတ်ရတာ တော်တော်ခက်တယ်။ နေ့တိုင်းလိုလို ဈေးတက်နေတော့ ရောင်းလိုက်ရင် ရှုံးတယ်။ ရွှေဝယ်တဲ့သူထက် လာရောင်းတဲ့သူ ပိုများနေတယ်။ ကျွန်တော်တို့ ရွှေဆိုင်တွေက ကာလပေါက်ဈေးထက် ၃ သောင်းခန့်အထိ လျော့ဝယ်နေရတယ်။ အလျော့တွက် မပါသေးဘူး ” ဟု ၎င်းကပြောသည်။

ဧရာဝတီတိုင်းတွင် ၂၀၂၀ ခုနှစ်အတွင်းက ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျှင် ၉၃၇၀၀၀ ကျပ်ရှိခဲ့ရာမှ တဖြေးဖြေး မြင့်တက်လာခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၁၂၄၅၀၀၀ ကျပ်၊ ၂၀၂၂ခုနှစ်တွင် ကျပ် ၂၂၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ လက်ရှိ ၃၅၅၀၀၀၀ ကျပ်ဖြင့်ရွှေဈေးကွက် သမိုင်းတလျှောက်တွင် အမြင့်ဆုံးဈေးအဖြစ် စံချိန်သစ်တင်နေကြောင်း သိရသည်။

“ ရွှေဈေးက ဒေါ်လာဈေးနဲ့ ဆက်စပ်ပြီးတက်နေတာပါ။ ပြည်တွင်းနိုင်ငံရေးနဲ့ အမေရိန် ၊တရုတ်တို့၊ ထိုင်းနဲ့ ယူကရိန်ကြား ဖြစ်နေတဲ့ ပြသနာတွေနဲ့ တင်းမာနေတဲ့ အခြေအနေနဲ့ ဆိုင်မယ်။ ဒါကြောင့် တချို့ကလည်း ရွှေဈေးထပ်တက်မယ် ထင်နေကြတယ်။ ရွှေဆိုင်အများစုကတော့ ဖွင့်ထားရုံသာသာပဲ။ ဘာမှအလုပ် မဖြစ်ကြပါဘူး ” ဟု မအူပင်မြို့မှ ရွှေအရောင်း အဝယ်နှင့် ပန်းတိမ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ရွှေဆိုင်များသည် ရွှေများပြန်လည် ဝယ်ယူရာတွင် ကာလပေါက်ဈေးထက် တစ်ကျပ်သားလျှင် ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ခန့်သာ လျော့ဝယ်ယူခဲ့ပြီး၊ လက်ရှိဖြစ်ပေါ်နေသော ရွှေဈေးနှုန်း အခြေအနေအရ ရွှေအပေါင်ဆိုင်လုပ်ငန်းများ အလုပ်ဖြစ်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။