Trending Now

ကချင်ပြည်နယ် အထူးဒေသ (၁) သို့မဟုတ် အိမ်

Spread the love

ကချင်ပြည်နယ် အထူးဒေသ (၁) သို့မဟုတ် အိမ်

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ မတ်လ ၂၉
ကောင်းဇေ ရေးသည်။

အိမ်ဆိုသည့် ဝေါဟာရမှာ အလွန်ကျယ်ပြန့်ပေသည်။ မိသားစုတစ်စုအတွက် နွေးထွေးလုံခြုံသည့် အိမ်တစ်လုံး မရှိမဖြစ်လိုအပ်သလို လူသားမျိုးနွယ်စုတစ်စုသာမက အမိမြေဖွား တိုင်းရင်းသားလူမျိုး အားလုံးအတွက် အရေးကြီးဆုံးအရာမှာလည်း နွေးထွေးလုံခြုံမှုပေးနိုင်သည့် အိမ်လိုအပ်ပေသည်။

အိမ်တစ်လုံးဖြစ်လာစေရန် ပေးဆပ်ရသော အရင်းအနှီးကလည်း ကြီးမားပေသည်။ မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီး ဖခင်က ရှေ့ဆောင်လမ်းပြ အသက်၊ သွေး၊ ချွေးတို့ဖြင့် နွေးထွေးလုံခြုံသည့် အိမ်တစ်လုံး ခိုင်ခိုင်မာမာတည်ဆောက်နိုင်ရန် ကြိုးစားရသကဲ့သို့ မိသားစုဝင်များမှလည်း မိမိတို့တတ်နိုင်သည့်ဘက်မှ တစ်တတ်တစ်အား ပါဝင်ကူညီမှသာလျင် ပြီးပြည့်စုံသည့် အိမ်တစ်လုံးဖြစ်လာမည်ဖြစ်သည်။ မိသားစု တစ်စုအတွင်း အိမ်ထောင်ဦးစီး၏ အခန်းကဏ္ဍမှာ အရေးကြီးသလို၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ်စေရန် ပါရမီဖြည့်ဖက် ဇနီးသည်ကလည်း အရေးကြီးပေသည်။ အိမ်တွင်းမီးအပြင်မထုတ်ရ၊ အိမ်ပြင်မီး အထဲမသွင်းရ ဆိုသည့်အတိုင်း သာယာသည့်အိမ်တစ်လုံးဖြစ်စေရန်လည်း အထူးလိုအပ်ပေသည်။ အရေးကြီးဆုံးအချက်မှာ ပြီးပြည့်စုံသော အိမ်တစ်လုံးဖြစ်ရန် မိသားစုအတွင်း စည်းလုံးညီညွတ်မှုရှိရန် လွန်စာအရေးကြီးပေသည်။

အလားတူ မိမိဒေသ၊ မိမိလူမျိုးနွယ်စု အတွက်လည်း နွေးထွေးလုံခြုံသည့် အိမ်ကို လိုအပ်ပေသည်။နွေးထွေးလုံခြုံသည့် အိမ်ဟု သုံးနှုန်းရခြင်းမှာ ရာသီဥတုဒဏ်၊ သဘာဝဘေးအန္တရာယ်အပြင်၊ ကိုယ့်ကို ထိခိုက်လာနိုင်သော ကြိုတင်မမြင်နိုင်သည့် အန္တရာယ်များကိုပါ ကာကွယ်ပေးနိုင်ခြင်း၊ ညအိပ်စက်ရာတွင်လည်း လုံခြုံမှု ပြည့်ဝစွာဖြင့်ကောင်းစွာ အိပ်စက်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ဒေသတွင်း၊မျိုးနွယ်စုအတွင်း လုံခြုံမှု ပြည့်ဝစွာ ပေးနိုင်မှသာလျင် နွေးထွေးလုံခြုံသော အိမ်ဟု သတ်မှတ်၍ရပေမည်။

ကချင်ပြည်နယ် အထူးဒေသ (၁)သည် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချန်း၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ် စသည့်မျိုးနွယ်စုများ အခြေချ နေထိုင်သည့် ဒေသတစ်ခုဖြစ်ပြီး၊ ဒေသခံတိုင်းရင်းသားများနှင့် ရွှေ့ပြောင်း အခြေချနေထိုင်သည့် တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ ပေါင်းစည်းနေထိုင်သည့် မိသားစုအိမ်ကြီးဟု ဆိုရင်လည်းမမှားပေ။ ကချင်ပြည်နယ် အထူးဒေသ(၁)ကို နွေးထွေးလုံခြုံသည့် အိမ်တစ်လုံးဟုဆိုပါက ထိုအိမ်ကို မည်သူက ကြံ့ကြံ့ခံတည်ဆောက်ခဲ့သနည်း။ မိသားစုအိမ်ကြီးဖြစ်ပေါ်လာစေရန် မည်ကဲ့သို့ ပေးဆပ်မှုများနှင့် ပုံဖော်ခဲ့ရသနည်း။

ကချင်ပြည်နယ် အထူးဒေသ (၁) အကြောင်းပြောမည်ဆိုပါက ရှေ့ဆောင်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည့် ကချင်ပြည်နယ် အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်းအကြောင်းကိုစ၍ ပြောရမည်ဖြစ်သည်။ ဦးဇခုန်တိန့်ယိန်း သည် နယ်ခြားစောင့်တပ်ဖွဲ့ တစ်ခုဖြစ်သည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ကာ ဝိုင်းမော်၊ ချီဖွေနှင့် ဆော့လော် မြို့နယ်များ ပါဝင်သည့် ကချင်ပြည် နယ် အထူးဒေသ (၁) ၏ ဥက္ကဌလည်း ဖြစ်သည်။

ဒီမိုကရေစီပါတီသစ် (ကချင်) (NDP-K) ကို ၂၀၁၉ ခုနှစ်တွင် ထူထောင်ခဲ့ပြီး နာယက အဖြစ် တာဝန်ယူနေသူလည်း ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်ပြည်နယ် အထူးဒေသ (၁)သည် လော်ဝေါ်၊ လာချိဒ်၊ ငေ့ါချန်း၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ် စသည့်မျိုးနွယ်စုများ အခြေချနေထိုင်သည့် ဒေသတစ်ခုလည်း ဖြစ်ပေသည်။

ဦးဇခုန်တိန့်ယိန်းသည် ကချင်မျိုးနွယ်စု တစ်ခုဖြစ်သည့် လာချိဒ်တိုင်းရင်းသား ခေါင်းဆောင်ဖြစ်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၌လည်း ၁၉၆၃ ခုနှစ် အောက်တိုဘာလမှ ၁၉၆၇ ခုနှစ်အထိ တပ်မှူးတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တပ်မတော်အစိုးရ၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့်ပါ တိုက်ပွဲဆင်နွှဲခဲ့ဖူးသူဖြစ်သည်။ KIA လက်နက်ကိုင်အဖွဲ့အတွင်း ငွေ၊ လက်နက်၊ လူအင်အား စုဆောင်းပေးခဲ့သည့်အပြင် ကျရာတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။ KIA အဖွဲ့၏ သီးခြားဝမ်ပေါင် တည်ထောင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလာမှုများကြောင့် တိုင်းရင်းသား ညီအစ်ကိုများ သတ်ဖြတ်ကြသည်အထိဖြစ်လာခဲ့သည်။ ထိုကဲ့သို့ တိုင်းရင်းသားညီအစ်ကိုများကို အကြောင်းမဲ့ သတ်ဖြတ်နေခြင်း၊ တရားမျှတမှုမရှိ ပြုလုပ်လာသည့်အတွက် KIA အဖွဲ့မှ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော အဖွဲ့မှ ခွဲထွက်လာခဲ့ခြင်းသည်ဟု ရှေ့မီနောက်မီ (NDA-K) တပ်ဖွဲ့ဝင်ဟောင်းများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ဦးဇခုန်တိန့်ယိန်းသည် ၁၉၆၈ ခုနှစ်တွင် KIA အဖွဲ့မှ ခွဲထွက်ပြီး ကချင်ကွန်မြူနစ်ပါတီ ထူထောင်ရန် တရုတ်နိုင်ငံ ဂိုခုံးဒေသသို့ ၎င်း၏ တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့သည်။ တရုတ်အစိုးရက ဗမာကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့သည့်အတွက် ဗကပ တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစ၍ ဦးဇခုန်တိန့်ယိန်းသည် တရုတ်-မြန်မာနယ်စပ်ရှိ ကံပိုင်တည်၊ ပန်ဝါဒေသကို ဗကပ ၁၀၁ စစ်ဒေသအဖြစ် ခြေကုပ်ယူကာ မြန်မာ့တပ်မတော် အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ပြည့်နှစ်၌ တပ်မတော်အစိုးရနှင့်ငြိမ်းချမ်းရေးယူကာ ဗကပ ၁၀၁ စစ်ဒေသကို ကချင်ပြည်နယ် အထူးဒေသ (၁) အဖြစ်သတ်မှတ်ကြေညာခဲ့သည်။ ထို့နောက် ဦးဇခုန်တိန့်ယိန်း သည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အမည်ဖြင့် အထူးဒေသ (၁) တွင်လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့ကို ထူထောင်ခဲ့သည်။ တပ်မတော်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်နေ့တွင် စတင် ဖော်ဆောင်ခဲ့ပြီး (NDA-K) ကို နယ်ခြားစောင့်တပ်ရင်း (၃)ခု အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင် လေ့လာတွေ့ရှိရပါသည်။

ထိုမျှမကသေး ဦးဇခုန်တိန့်ယိန်းသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်များပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ၎င်း နယက အဖြစ် တာဝန်ယူထားသည့် (NDP-K) ပါတီသည်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ထပ်မံ အနိုင်ရရှိခဲ့ပါသေးသည်။

၎င်းအပြင် ဒေသတွင်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍများတွင်လည်း တိုးတက်ဖွံ့ဖြိုးလာစေရန် ပုံဖော်ပေးခဲ့သည်။ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်လည်း ကြိုးပမ်းလုပ်ဆောင်ပေးခဲ့သည်။ ဒေသခံတိုင်းရင်းသားလူမျိုးများနှင့်လည်း တွေ့ဆုံ၍ လိုအပ်သည်များကိုလည်း ဖြည့်ဆီးဆောင်ရွက်ပေးခဲ့သည်။

ထိုကဲ့သို့ အသက်၊ သွေး၊ ချွေး များစွာ ရင်းနှီး၍ ဖွဲ့စည်းတည်ဆောက်ခဲ့သော ကချင်ပြည်နယ် အထူးဒေသ (၁) သည် နွေးထွေးလုံခြုံသော၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားမိသားစုများ စုပေါင်းနေထိုင်နေသည့် အိမ်ကြီးတစ်လုံးအဖြစ် ပြောင်းလဲတည်ရှိခဲ့ပေပြီ။ ထိုကဲ့သို့ နွေးထွေလုံခြုံပြီး တောင့်တင်းခိုင်မာသော အိမ်ကြီးတစ်လုံးအဖြစ် ဖွဲ့စည်းပြီးရုံဖြင့် လုံလောက်ပြီလား။ အိမ်တစ်ခုတွင် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေသည့် အချက်မှာ ခြံစည်းရိုးပင်ဖြစ်သည်။ မိမိအိမ်ဝန်းအတွင်း ရန်သူမိတ်ဆွေ ခွဲခြားမသိနိုင်သော သူစိမ်းများ၊ အန္တရာယ်ပြုနိုင်သည့် တောရိုင်းတိရိစ္ဆာန်များ ဝင်ရောက်ခြင်း မပြုနိုင်ရန် ခြံစည်းရိုးကိုလည်း ခိုင်မာတောင့်တင်းစွာတည်ဆောက်ရန် လိုအပ်ပေသည်။

ခြံစည်းရိုးဆိုသည်မှာ ကိုယ့်ပိုင်ဆိုင်မှုကို သတ်မှတ်ပေးသည့် အရာ တစ်ခု ဖြစ်သည်။ ကိုယ်ပိုင်ဆိုင်သည့် မြေပေါ် တစ်လက်မမှ အကျူးကျော်မခံရစေရေး၊ ပြင်ပအန္တရာယ်များ မကျရောက်စေရေးအတွက် ကာကွယ်မှု ပြုသည့်အနေဖြင့် ခြံစည်းရိုးခတ်ကြခြင်းဖြစ်သည်။ တိုင်းဒေသကြီးအလိုက်၊ပြည်နယ်အလိုက်၊ မျိုးနွယ်စုအလိုက် ကိုယ်ပိုင်ဆိုင်သည့် မြေနေရာကို သတ်မှတ်ပေးသည့် အရာတစ်ခုလည်းဖြစ်သည်။

နိုင်ငံတစ်ခုနှင့်တစ်ခု ခြံစည်းရိုးနယ်နမိတ် သတ်မှတ်ကြခြင်းမှာ မိမိပိုင်မြေကို တစ်လက်မမျှ မကျူးကျော်စေရေးအတွက် ဖြစ်သည်။ ၎င်းအပြင် တရားမဝင်ခိုးဝင်ကာ ကျူးကျော်နေထိုင်မှုများ၊ အကြမ်းဖက် အန္တရာယ်များမှ ကာကွယ်ရန် ခြံစည်းရိုးကို အခိုင်အမာပြုလုပ်ကြခြင်းဖြစ်သည်။ ခြံစည်းရိုးဆိုသည်မှာ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲခြင်း၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။

ထိုကဲ့သို့ပင် ခိုင်မာတောင့်တင်းသည့် ကချင်ပြည်နယ် အထူးဒေသ (၁) အိမ်ကြီးအတွင်းသို့ ပြင်ပအန္တရာယ်များ မဝင်ရောက်နိုင်ရန် ခြံစည်းရိုးကို လုံခြုံတောင့်တင်းစွာ တည်ဆောက်နိုင်မှ ရပေမည်။ ထိုခြံစည်းရိုးကို မည်ကဲ့သို့တည်ဆောက်မည်နည်း။ ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်း တည်ဆောက်ခဲ့သည့် ကချင်ပြည်နယ် အထူးဒေသ (၁) အိမ်ကြီးအတွင်း ပြင်ပအန္တရာယ် မဝင်ရောက်စေရန် ခြံစည်းရိုးကို လုံခြုံစွာတည်ဆောက်ဖို့ အတွက် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူတို့မှ ပူးပေါင်းဆောင်ရွက်မှသာလျင် ပြင်ပအန္တရာယ် များကို ကာကွယ်နိုင်မည်ဖြစ်သည်။

စည်းလုံးခြင်းသည်အင်အားဆိုသကဲ့သို့ ကချင်ပြည်နယ် အထူးဒေသ (၁) အတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများနှင့် ဒေသခံတိုင်းရင်းသားတို့ ၏ စည်းလုံးမှုမှာလည်း လွန်စွာအရေးကြီးပေသည်။ စည်းလုံးမှသာလျင် နွေးထွေးလုံခြုံသော ကချင်ပြည်နယ် အထူးဒေသ (၁) အိမ်ကြီးအတွက် တောင့်တင်း ခိုင်မာသော ခြံစည်းရိုးကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ နွေးထွေးလုံခြုံသော မိသားစုအိမ်ကြီးနှင့် လိုက်ဖက်ညီစွာ လိုက်လျောညီထွေသော ခိုင်မာတောင့်တင်းသည့် ခြံစည်းရိုးဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ရေး ကချင်ပြည်နယ် အထူးဒေသ (၁) ကို ဂုဏ်ပြုရေးသားဖော်ပြလိုက်ပါသည်။

ကောင်းဇေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။