Trending Now

နန်းယွန်းမြို့တွင် ယခုနှစ်စပါးထွက်ချိန် မိုးနည်းသည့်အတွက် တောင်ယာစပါးများပျက်စီးမှု ဖြစ်ပေါ်နေ

Spread the love

နန်းယွန်းမြို့တွင် ယခုနှစ်စပါးထွက်ချိန် မိုးနည်းသည့်အတွက် တောင်ယာစပါးများပျက်စီးမှု ဖြစ်ပေါ်နေ

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့တွင် ယခုနှစ်စပါးထွက်ချိန်တွင်မိုးနည်းမှုကြောင့် တောင်ယာစပါးပင်များပျက်စီးခဲ့မှုကြောင်း ဒေသခံများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

နန်းယွန်းမြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင်တည်ရှိကာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် တောင်ယာစပါးများကို ၎င်းတို့ဒေသတွင် စိုက်ပျိုးရိတ်သိမ်းကာ လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်သည်။

ယခုနှစ မိုးနည်းပြီး နေလောင်ဒဏ်များကြောင့် စပါးပင်များ ဝတ်မှုံကူးချိန်တွင် ခြောက်သွေ့ခြင်း၊ အပင်သာရှိသော်လည်းစပါးနှံများ အစံသေးငယ်ပြီး စပါးထွက်နှုန်းမပြည့်မှီခြင်းများဖြစ်ပေါ်နေကြောင်း နန်းယွန်းဒေသ တောင်သူတစ်ဦးထံမှ သိရသည်။

“ဒီနှစ်က အားလုံးနီးပါးစပါးမရကြတာ၊စပါးထွက်ချိန်မှာ မိုးမရွာတော့ နေလောင်ဒဏ်တွေကြောင့် စပါးပင်တွေခြောက်ပြီး စပါးအနှံတွေမရှိတော့ဘူး၊ စပါးအစံံက နည်းနည်းလေးပဲပါလာတာ၊ အခွံတွေပဲများတယ်၊စပါးရိတ်ရတာတောင် အရင်ကလို စပါးနှံတခုလုံးရိတ်လို့မရတော့ဘူး၊ အစံပါတာလေးတွေကိုပဲရွေးပြီးသိမ်းနေရတာ၊ ဒီနှစ်ကကျွန်တော် စပါး ပုံးသုံးပုံးစိုက်တာ စပါးဆယ်အိတ်လောက်ပဲရတယ်၊ ခါတိုင်းနှစ်ဆို မရရင်တောင်အနည်းဆုံး သုံးဆယ်အထက်ရှိတယ်၊ အခုဒီဆယ်အိတ်လောက်နဲ့ဒီနှစ်အတွက်ဘယ်လိုမှ မလုံလောက်ဘူးလေ၊ တောကထွက်တဲ့ အသီးအရွက်တွေပဲ စားရနိုင်တဲ့အထိဖြစ်လာမှာပဲ”ဟု ၎င်းကပြောသည်။

နန်းယွန်းဒေသတွင် ယခင်နှစ်များက စပါး သုံးပုံးစာ စိုက်သည့်တောင်ယာတစ်ခင်းလျှင် စပါးအိတ် လေးဆယ်အထက် ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် စပါးအိတ်ဆယ်အိတ်ခန့်သာ ထွက်ရှိကြောင်း သိရသည်။

နန်းယွန်းမြို့သည် အန္ဒိယနယ်စပ်နှင့်နီးစပ်သော ဒေသတစ်ခုဖြစ်သည့်အတွက် ယခင်နှစ်များက ဆန်စပါးလုံလောက်မှုမရှိပါက အန္ဒိယဘက်မှ တင်သွင်းနိုင်သော်လည်း ယခုနှစ်အစောပိုင်းကတည်းကပင် နယ်စပ်သွားလာရေးကို အန္ဒိယဘက်မှ ပိတ်ထားသည့်အတွက် ပိုမိုဒုက္ခရောက်နိုင်သည့်အခြေအနေရှိနေပြီး ငွေတိုးဆန်တစ်အိတ်လျှင် တစ်သိန်းနီးပါးဈေးပေါက်နေသည့်အတွက် တောင်သူများအနေဖြင့် ဝယ်စားနိုင်ရန်မလွယ်ကူကြောင်း တောင်ယာလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

“အရင်နှစ်တွေကစပါးလည်းမဆိုစလောက်ရကြတယ်၊စပါးမကုန်သေးရင်တောင်အန္ဒိယနယ်စပ်ဘက်ကနေသွားဝယ်စားပြီးကို့စပါးကိုသိမ်းထားတာမျိုးရှိတယ်၊အခုတော့ နယ်စပ်ဂိတ်တွေလည်း ပိတ်ထားတော့ သွားဝယ်လို့ မရတော့ဘူး၊ ကျွန်တော်တို့တောင်သူတွေက ဆိုင်က ဆန်တစ်အိတ်ဝယ်စားဖို့ဆိုတာ မလွယ်ကူဘူးလေ ကို့စပါးထွက်တဲ့ဟာကိုပဲ အားကိုးနေရတာ၊ဒီနှစ်တော့ ကိုယ့်စပါးလည်းမရဘူးဆိုတော့ အရမ်း ဒုက္ခရောက်တော့မှာ စိုးရိမ်နေရတယ်”ဟု ၎င်းကပြောသည်။

နန်းယွန်းမြို့သည်တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးတွင်လည်း MPTဖုန်းလိုင်းတစ်ခုသာရရှိပြီး အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် ဒေသတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။