Trending Now

တနိုင်းချောင်းရေ စိုးရိမ်အမှတ်သို့ နီးကပ်လာသည့်အတွက် တာဝန်ရှိသူများမှ ရေဘေးကယ်ဆယ်ရေးစခန်းများကြိုတင်ပြင်ဆင်လျှက်ရှိ

Spread the love

တနိုင်းချောင်းရေ စိုးရိမ်အမှတ်သို့ နီးကပ်လာသည့်အတွက် တာဝန်ရှိသူများမှ ရေဘေးကယ်ဆယ်ရေးစခန်းများကြိုတင်ပြင်ဆင်လျှက်ရှိ

EPN
မြစ်ကြီးနား၊ ဇွန် ၂၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ရှိ တနိုင်းချောင်းရေ စိုးရိမ်အမှတ်သို့ နီးကပ်လာသည့်အတွက် တာဝန်ရှိသူများမှ ရေဘေးကယ်ဆယ်ရေးစခန်းများ ယနေ့ ကြိုတင်ပြင်ဆင်လျှက်ရှိကြောင်း တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှုးထံမှ သိရသည်။

တနိုင်းမြို့ရှိ ချောင်း ရေ၏ စိုးရိမ်အမှတ်မှာ 207-m ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ရေအမှတ် 204-m အထိ မြင့်တက်လာပြီး ဇွန်လ ၂၃ ရက်နေ့တွင် ရေအမှတ် 205-mအထိ ပြန်လည် မြင့်တက်လာကာ ယနေ့ တွင်လည်း ရေအမှတ် 206-mအထိ တဖန်မြင့်တက်လာသည့်အတွက် စိုးရိမ်အမှတ်ကိုနီးကပ်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့မြစ်ရေမှာ စိုးရိမ်အမှတ်သို့ နီးကပ်လာပြီး ရေလျှံမှုတွေကြောင့် မြေနှိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်နေပြီး ၎င်းမြေနှိမ့်ပိုင်းရပ်ကွက်တွင်ရှိသော ပြည်သူများ စိုးရိမ်နေကြောင်း သိရသည်။

“ရေက ရပ်ကွက်ထဲကိုဝင်နေပြီ၊ဆင်မ်ဆာ့၊ ကင်ဆားရာ ရပ်ကွက်၊ ဟူးကောင်းရပ်ကွက် တွေမှာ ရေကဒူးလောက်ရောက်နေပြီ၊ ဆက်ပြီးမိုးရွာနေရင်တော့နေလို့မ ရလောက်တော့ဘူးရွေ့ပြောင်းနေရတော့မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ မိုးများရွာနေသည့်အတွက် မြေနှိမ့်ပိုင်းရပ်ကွက်အတွင်းသို့ ရေများဝင်ရောက်နေပြီး ဆက်လက် ရေများနိုင်သည့်အတွက် ၎င်းရပ်ကွက်ရှိပြည်သူများ‌နေထိုင်နိုင်ရေး ရေဘေးသင့် စခန်းများကိုကြိုတင်လုပ်ဆောင်ထားလျှက်ရှိကြောင်း တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှုးက ဆိုသည်။

“တနိုင်းမြစ်ရေ စိုးရိမ်အမှတ်က 207-mလို့တော့ရေးထားတယ် ဒါပေမယ့် တံတားက အသစ်ဆိုတော့ တံတားကိုတော့ မစိုးရိမ်ရဘူး ရေတွေက လျှံနေပြီဆိုတော့၊အခု အနှိမ့်ပိုင်းတွေမှာ ရေတွေ‌ ဝင်နေပြီ၊ ရပ်ကွက်သုံးခုလောက်မှာ ဒူးလောက်အထိ ရေဝင်နေတယ်၊ ဆက်ပြီးမိုးရွာနေရင်စိုးရိမ်ရတဲ့အတွက် ကျွန်တော်တို့ လှည့်လည်ကြည့်ရှုပေးတယ်၊ရေဘေးသင့်စခန်းတွေလည်းပြင်ဆင်ထားတယ်၊ ဟူးကောင်းခန်းမမှာ နှစ်ခု၊ အားကစားခန်းမမှာတစ်ခု သုံးနေရာကိုကျွန်တော်တို့ပြင်ဆင်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။

တနိုင်းမြို့တွင် ၅ နှစ်တစ်ကြိမ်ရေကြီးရေလျှံမှု ဖြစ်လျှက်ရှိပြီး ယခုနှစ်တွင် ရေကြီးရေလျှံမည့်နှစ်ဖြစ်သောကြောင့် ပြည်သူများအတွက်နေစရာ ရေဘေးသင့်စခန်းများနှင့် အစားအသောက်များကို တာဝန်ရှိသူများမှ ဝိုင်းဝန်းဆောင်‌ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။