Trending Now

ရှမ်းပြည်ကနေ မန္တလေးအထိ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းကာ ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူတွေသယ်ဆောင်လာသူ ဖမ်းဆီးခံရ

Spread the love

ရှမ်းပြည်ကနေ မန္တလေးအထိ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းကာ ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူတွေသယ်ဆောင်လာသူ ဖမ်းဆီးခံရ

EPN
မြစ်ကြီးနား၊ မတ် ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကနေ မန္တလေးတိုင်းဒေသကြီးအထိ လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းကာ ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူတွေ သယ်ဆောင်လာသူတစ်ဦးကို မော်တော်ယာဉ်နဲ့အတူ ဖမ်းမိထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ (၁၆) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်ကိုရှောင်ပြီး မူးယစ်ဆေးဝါးတွေကို LAND CRUISER ကားနဲ့လွဲပြောင်း သယ်ဆောင်မယ်ဆိုတဲ့ သတင်းအရ သက်ဆိုင်ရာက ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ် မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းရရှိထားတဲ့ မသင်္ကာဖွယ်ရာ မော်တော်ယာဉ်ရောက်ရှိလာတဲ့အတွက် ရှာဖွေစစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ပေမယ့် စစ်ဆေးခံခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့ပြီး ပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညနေ ၃ နာရီခွဲအချိန်မှာ ချမ်းမြသာစည်မြို့နယ်၊ ၅၈(A)လမ်းနဲ့ ၁၁၀ လမ်းထောင့်မှာ အဲ့ဒီယာဉ်နဲ့အတူ ယာဉ်မောင်း တူးလွမ်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်မောင်း တူးလွမ်နဲ့အတူ ကားအတွင်းမှာ ဆာလာအိတ် ၂၂ အိတ်ထဲမှာ ဆပ်ပြာခွက် ၄၈၄၀ ခွက်နဲ့ ထည့်ထားတဲ့ ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုကို သိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကနေ မန္တလေးတိုင်းဒေသကြီးအထိ လမ်းတစ်လျောက်မှာ ရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းကာ သယ်ဆောင်ခဲ့တာလို့ သိရတဲ့အတွက် တူးလွမ်းကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။