Trending Now

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့် စ တင်အုပ်ချုပ်သွားရမည်

Spread the love

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့် စ တင်အုပ်ချုပ်သွားရမည်

EPN
ချင်းမိုင်၊ မတ် ၁၈ (၂၀၂၄)

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့် စ တင်အုပ်ချုပ်သွားရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေး (7 NCA-S EAO Summit)တွင် သဘာပတိဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်နှုတ်ခွန်ဆက်စကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့ (၇)ဖွဲ့ ထိန်းချုပ်နယ်မြေဒေသအသီးသီးတွင် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့် စတင်အုပ်ချုပ်သွားရမည်ဖြစ်ကာ မိမိတို့ဒေသများရှိ လူထုအတွက် အုပ်ချုပ်ရေး၊ လုံ ခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းများကိုပါ ဆောင်ရွက်သွားရမည်ဟု ပြောသည်။

၎င်းအပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား တဆင့်ပြီးတဆင့် တည်ဆောက်သွားရမည်ဖြစ်ကာ တဖက်တွင်လည်း မိမိတို့ (၇)ဖွဲ့ကြား၌ တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုသည့်မူအတိုင်း ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြောသည်။

” ယနေ့ကာလဟာ နိုင်ငံရေးဘောင်ကျဉ်းပြီး၊ စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေပါတယ် ။ မိမိတို့ (၇)ဖွဲ့အနေနဲ့ EAO (၁၂)ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာပါ ” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

အဆိုပါ အစည်းအဝေး၌ နိုင်ငံရေးဆိုင်ရာအဆို ပြုချက်များ (မူကြမ်း)နှင့် စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)တို့ကို ဆွေးနွေး၍ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)ကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကာ လက်ရှိအခြေအနေများသည် ထိလွယ်ရှလွယ်သော အနေအထား၌ ရှိနေသည်ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပလျက်ရှိသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။