Trending Now

မြစ်ကြီးနားမြို့တွင် 92 တစ်လီတာ ၃၃၀၀ ကျော် ပေးဝယ်ယူနေရပြီး ရည်ညွှန်းဈေးဖြင့် ရောင်းချသည့် ဆိုင်တွင် အချိန်ပိုင်းသာ ဖွင့်လှစ်သည့်အတွက် စုပြုံတိုးဝှေး၍ ဝယ်ယူနေရ

Spread the love

မြစ်ကြီးနားမြို့တွင် 92 တစ်လီတာ ၃၃၀၀ ကျော် ပေးဝယ်ယူနေရပြီး ရည်ညွှန်းဈေးဖြင့် ရောင်းချသည့် ဆိုင်တွင် အချိန်ပိုင်းသာ ဖွင့်လှစ်သည့်အတွက် စုပြုံတိုးဝှေး၍ ဝယ်ယူနေရ

EPN
မြစ်ကြီးနား ၊ သြဂုတ် ၂၆

မြစ်ကြီးနားမြို့ပေါ်ရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် 92 တစ်လီတာ ၃၃၀၀ ကျော်အထိ ပေးဝယ်ယူနေရသလို လမ်းဘေးအရောင်းဆိုင်များတွင် တစ်လီတာ ၅၀၀၀ ကျပ်အထိ ဈေးတင်ရောင်းချမှုများ ရှိနေသည့်အတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချသည့် ဆိုင်တွင် စုပြုံတိုးဝှေး၍ ဝယ်ယူနေရကြောင်း မြစ်ကြီးနား မြို့ပေါ်ရှိ ဒေသခံများထံမှ သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကချင်ပြည်နယ်အတွက် သတ်မှတ်ထားသည့် ဈေးနှုန်းမှာ 92 တစ်လီတာလျှင် ၂၆၂၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၆၉၅ ကျပ် သတ်မှတ်ထားသော်လည်း လိုင်စင်ရ အရောင်းဆိုင်တချို့တွင် တစ်လီတာ ၃၀၀၀ ကျော် ဈေးပေး၍ ဝယ်ယူနေရသလို တရားမဝင် ဖွင့်လှစ်ထားသည့် အရောင်းဆိုင်များတွင် ၅၀၀၀ ဝန်းကျင်အထိ ဈေးပေး၍ ဝယ်ယူနေရခြင်းဖြစ်သည်။

“ရည်ညွှန်းဈေးသတ်မှတ်ပြီးရောင်းတဲ့ဆိုင်ကလည်း အချိန်ပိုင်းနဲ့ ရောင်းနေတာ ကျန်တဲ့အချိန်က လက်ခါ ပြပြီး ညနေမှ ရောက်မယ်ဆိုတာပဲ ထိုင်ပြောနေကြတာ သူတို့ ပြောတဲ့ ညနေက မနက်ဖြန် ညနေလား သန်ဘက်ခါ ညနေလားတော့ မသိဘူး ဘယ်အချိန်သွားသွား ဆီမရှိဘူးပဲ ထိုင်ပြောနေတာပဲ တစ်လီတာ ၃၀၀၀ ကျော် ပေးဝယ်ရတဲ့ ဆိုင်မှာတော့ ခင်ဗျာ ဆိုင်ကယ် အပြည့် ထည့်ချင်လည်းရတယ်” ဟု ဆိုင်ကယ် ကယ်ရီလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောဆိုသည်။

စက်သုံးဆီ အရောင်းဆိုင်တွေအနေဖြင့် ရောင်းချမှု ရပ်တန့်ထားခြင်း အပါအဝင် အကန့်အသတ်ဖြင့် ရောင်းချသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သြဂုတ်လ ၁၆ ရက်နေ့က အသိပေးထုတ်ပြန်ထားသော်လည်း ရည်ညွှန်းဈေးထက် ဈေးမြှင့်ကာ ရောင်းချခြင်း ၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများ ရှိနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

“စက်သုံးဆီတွေ အကန့်အသတ်နဲ့ရောင်းရင် တိုင်လို့ရတယ်တို့ ရည်ညွှန်းဈေးနဲ့ မရောင်းရင် တိုင်လို့ရတယ်လို့ စာတွေထုတ်ပြီး ဘယ်လိုပဲပြောပြော မြေပြင်မှာ ဖြစ်ချင်တိုင်းဖြစ်နေကြတာပဲ” ၎င်းက ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနိုင်ရေး၊ တရားမဝင် လုပ်ငန်းများတွင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များ နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။