Trending Now

ဗန်းမော်ခရိုင်၊ မံတာကျေးရွာ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ပြည်သူများ စားနပ်ရိက္ခာနှင့် စောင်ခြင်ထောင်များအရေးပေါ် လိုအပ်

Spread the love

ဗန်းမော်ခရိုင်၊ မံတာကျေးရွာ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ပြည်သူများ စားနပ်ရိက္ခာနှင့် စောင်ခြင်ထောင်များအရေးပေါ် လိုအပ်

EPN
ဗန်းမော်၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ‌ဗန်းမော်ခရိုင်၊ မံတာကျေးရွာ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ဒေသခံပြည်သူ ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် စောင်ခြင်ထောင်များ အရေးပေါ် လိုအပ်မှု ရှိနေကြောင်း သုညသုခ ပရဟိတလူငယ် အသင်းမှ သိရသည်။

ဖေဖော်ဝါရီလ တတိယပတ်မှ စတင်၍ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်လာ၍ ဒေသခံပြည်သူ တစ်ထောင်ကျော် တို့သည် နေရပ်စွန့်ခွာလာကြပြီး၊ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွင် ခက်ခက်ခဲခဲနေထိုင်စားသောက် နေရကြောင်း သုညသုခ ပရဟိတ လူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” အခုလ ၁၈ ရက်နေ့ထဲကနေ တိုက်ပွဲတွေပြင်းထန်လာလို့ မံစီ၊ စီခမ်းကြီးဘက်က ဒေသခံပြည်သူ အတော်များများ ထွက်ပြေးလာခဲ့ရတယ်။ အခု မံတာ ကျေးရွာ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းမှာ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေတယ်။ စောင်နဲ့ ခြင်‌ထောင်တွေလည်း လိုအပ်မှုအများကြီး ဖြစ်နေတယ် ” ဟု ၎င်းကရှင်းပြသည်။

‌ဗန်းမော်မြို့နှင့် ၂၈ မိုင်ခန့်ဝေးသည့် စီခမ်းကြီး၊ စီကော၊ သံတံတား၊ မဲ့လင်၊ မှော်ဆင့် စသည့် ကျေးရွာများမှ ဒေသခံပြည်သူ တစ်ထောင်ကျော်တို့သည် ၎င်းတို့၏ ဒေသဘက်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေမျိုးများရှိရာ ဗန်းမော်သို့ နေရပ်စွန့်ခွာ ထွက်ပြေးလျက်ရှိနေကြောင်း စစ်ဘေးရှောင်ပြည်သူ တစ်ဦးက ပြောသည်။

” ကျွန်တော်တို့ ဒေသဘက်မှာ တိုက်ပွဲတွေ မတရားဖြစ်နေတော့ ထွက်ပြေးလာတဲ့အချိန် ဘာမှကို မယူခဲ့ရဘူး။ အခု မံတာကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတယ်။ လူကအရမ်းများနေတော့ စားဖို့အတွက်လည်း ခက်ခဲတယ်။ နေဖို့လည်း မလွယ်ဘူး။ ခက်ခဲလည်း ဒီလိုပဲ ကြိတ်မှိတ်နေထိုင်နေရတယ်။ တချို့လည်း ဗန်းမော်မြို့ပေါ် ပြေးကြတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် အဆိုပါကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံပြည်သူ (၇၄၁) ယောက်၊ အိမ်ထောင်စု (၂၁၀) စုတို့သည် မံတာကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် စားနပ်ရိက္ခာ လိုအပ်ခြင်း၊ စောင်၊ ခြင်ထောင် လိုအပ်ခြင်းများ ရှိနေကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်း၌ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း၊ အခြေခံပညာအထက်တန်းကျောင်းများ ပိတ်ထားရခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ အတန်တင်စာမေးပွဲ ဖြေဆိုခြင်းကို ရပ်နားထားကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။