Trending Now

ဆွမ်ပရာဘွမ်လမ်းပိုင်း ပြင်ဆင်ရာတွင် စနစ်တကျလုပ်ဆောင်မှု အားနည်းသည်ဟု ဝေဖန်မှုများရှိနေ

Spread the love

ဆွမ်ပရာဘွမ်လမ်းပိုင်း ပြင်ဆင်ရာတွင် စနစ်တကျလုပ်ဆောင်မှု အားနည်းသည်ဟု ဝေဖန်မှုများရှိနေ

EPN
မြစ်ကြီးနား၊ ဇွန် ၁၇

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပိုင်း ပြင်ဆင်ရာတွင် စနစ်တကျ လုပ်ဆောင်မှု အားနည်းမှုကြောင့် လမ်းသွားလမ်းလာများနှင့် လမ်းဘေးဝဲယာ နေထိုင်သူ အချို့ ထိခိုက်နစ်နာမှုများရှိကြောင်း ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါ လမ်းပိုင်းပြင်ဆင်ရာတွင် နှစ်ဘက်ရေမြောင်းများ၊ လမ်းလယ်ကျွန်းများနှင့် လမ်းဘက်လမ်းများ အားလုံးတပြိုင်နက် ဖျက်လိုက်သည့် အတွက် ပြည်သူများတွင် စီးပွားရေးနှင့် ကျန်းမာရေး များ ထိခိုက်နစ်နာမှု များ ရှိနေကြောင်း တပ်ကုန်းရပ်ကွက်နေ ဒေါ်ခင်စန်းတင့်က ပြောသည်။

“အန်တီက ပန်းဆိုင်ဖွင့်ထားတယ် အန်တီရဲ့ ဆိုင်ဘက်မှာ လမ်းပြင်နေတာဆိုရင် လနဲကချီပြီး တော်တော်ကို ကြာနေပြီ လမ်းပြင်နေတော့ တော်ရုံဈေးဝယ်က လာမဝယ်တော့ဘူး စီးပွားရေးကို တော်တော်ထိခိုက်တယ်။ မိုးရွာရင်ပိုဆိုးတယ်။ ဗွတ်တွေထပြီး ရေတွေက ဝပ်နေတယ်၊ နေပူရင်လည်း ဘာမှ မမြင်ရဘူး ဖုန်တွေဘဲ” ၎င်းက ဆိုသည်။

ယင်းလမ်းပိုင်း ပြင်ဆင်ရာတွင် လမ်းသွားလမ်းလာ ပြည်သူများ အနှောက်မယှက် မဖြစ်စေရန်အတွက် လုပ်ငန်း မစတင်မီ ကတည်းက ဆောက်လုပ်ရေး ကုမ္ပဏီများအား ကြိုတင် ညွှန်ကြားထားကြောင်း မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက EPN ကို ပြောပြသည်။

“ကျွန်တော်တို့ လမ်းဦးစီးဌာန အနေနဲ့ လုပ်ငန်းမစတင်ခင် ကတည်းက ကုမ္ပဏီတွေကို ပြည်သူတွေ အခက်အခဲ မရှိသွားလို့ ရအောင် Step by Step လုပ်ဆောင်ဖို့ ညွှန်ကြားပါတယ်၊ အဓိက စလုပ်တာက ရေမြောင်းပေါ့ အရင်ဆုံး ပလက်ဖောင်းတွေ လမ်းလယ် ကျွန်းတွေ ဖျက်မယ်၊ ရေမြောင်းတွေကို တော့ ဦးစားပေးပေ့ါ။ ဒါတွေပြီးပြီ ဆိုမှ လမ်းကို ပြည်သူတွေလည်း သွားလာလို့ ရအောင်လမ်းကို တစ်ဖက်ကို အရင်ဆုံးစပြီးလုပ် လုပ်ပြီးမှ ဖျက်စရာရှိတာ ဖျက်ဖို့ ညွှန်ကြားခဲ့ပါတယ်” ဟု မြို့နယ်လမ်းဦးစီးမှူး ဦးအောင်ဆန်းဦး က ဆိုသည်။

အဆိုပါ ဆွမ်ပရာဘွမ် လမ်းပိုင်အား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေနှင့် တင်ဒါခေါ်ခဲ့ပြီး မတ်လပိုင်းတွင် မန်းပြည်တံခွန်ကုမ္ပဏီနှင့် “ Power Five Star ကုမ္ပဏီတို့က တင်ဒါအောင်မြင်ကာ ပြုပြင်တည်ဆောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

“Power Five Star ကုမ္ပဏီက လုပ်ငန်းကို ဆက်တိုက်လုပ်ချင်တာနဲ့ နှစ်ဖက်လုံး လွှာပစ်လို့ တားထားရတယ်။ မန်းပြည်တံခွန်ကတော့ သူတို့လည်း လုပ်ငန်းအတွေ့အကြုံလည်း များနေပြီ ဆိုတော့ လွှာစရာရှိတာ လွှာပြီး Step by Step လုပ်ဆောင်နေတယ် လုပ်ငန်းပြီးတာတော့ နှေးချင်နှေးမှာပေါ့ ” ဟု ဦးအောင်ဆန်းဦးက ထည့်သွင်းပြောဆိုသည်။

လမ်းနှစ်ဖက်စလုံး ပြင်ဆင်နေပြီး အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သည့် အတွက် အဆိုပါ လမ်းပေါ် ဖြတ်သန်း သွားလာနေသည့် ယာဉ်များ အနေနှင့် အဆင်ပြေသည့်လမ်း လမ်းဘက်ကိုသာ သွားလာနေကြရသည့် အတွက် လမ်းကြောပိတ်ဆို့ခြင်းနှင့် ယာဉ်တိုက်မှု များလည်း မကြာခဏ ဖြစ်ပွားနေကြောင်း တပ်ကုန်းရပ်ကွက်မှ Queen စတိုးဆိုင်ပိုင်ရှင် ဆိုသည်။

“ ဒီလမ်းပြင်တာ ကြာလွန်းလို့ ဒုက္ခရောက်နေတာကို ဘယ်လူကြီးကို သွားအကူအညီတောင်းရမှန်း မသိဘူး ဖြစ်နေတယ်၊ အန်တီဆိုင်ရှေ့မှာ အသွားအလာ ယာဉ်အားလုံး လမ်းတစ်ဖက်တည်းကို ဘဲသုံးနေတော့ ယာဉ်တိုက်မှုလည်း မကြာခဏဖြစ်တယ်၊ နောက်တစ်ခုက ကျန်းမာရေး လည်း ထိခိုက်တယ် ကိုဗစ်က တစ်မျိုး၊ လမ်းပြင်တာ ကြာတာက တစ်မျိုး ဖြစ်နိုင်ရင် သက်ဆိုင်ရာကလည်း အမြန်ပြီးအောင် လာစစ်ဆေးစေချင်တယ် ” ဟု ပြောသည်။

၂၀၂၀ခုနှစ် စက်တင်ဘာလအတွင်း အပြီးသတ်တည်ဆောက်ရမည့် အဆိုပါ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပိုင်းအား မန်းပြည်တံခွန် ကုမ္ပဏီက ၂.၁၇ ကီလိုမီတာကို ကျပ်သန်း ၂၄၇၅.၃ သန်းဖြင့် လည်းကောင်း၊ Power Five Star ကုမ္ပဏီက ၂.၂ ကီလိုမီတာကို ကျပ်သန်း ၂၅၂၆ သန်း ဖြင့် လည်းကောင်း အသီးသီး တင်ဒါအောင်မြင်ကာ ပြုပြင်တည်ဆောက်ခွင့်ရရှိခဲ့သဖြင့် ယခုကဲ့သို့ ပြုပြင်တည်ဆောက်နေခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။