Trending Now

၂၀၂၀ ရွေးကောက်ပွဲတွင် KNC ပါတီက ပြည်ထောင်စုပါတီ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

Spread the love

၂၀၂၀ ရွေးကောက်ပွဲတွင် KNC ပါတီက ပြည်ထောင်စုပါတီ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

EPN
မြစ်ကြီးနား၊ ဇွန် ၁၆

ကချင်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ပါတီက ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စုပါတီအဖြစ် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။

KNC ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲအထိ ပြည်နယ်တွင်း ပါတီတစ်ခု အဖြစ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် ၂၀၂၀ရွးကောက်ပွဲတွင် ပြည်ထောင်စုပါတီ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေကြောင်း KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က ဆိုသည်။

”ကျွန်တော်တို့က ဒီနှစ်မှ ပြည်ထောင်စု ပါတီလျှောက်တာ အရင်ကတော့ ပြည်နယ်တွင်း ပြည်နယ်ပါတီပေါ့။ အခုက ကချင်ပြည်နယ်တွင်းရော ပြင်ပမှာပါ ဒီနှစ်ခုကို ကျွန်တော်တို့က အခုကတည်းက ချိန်စပြီး လုပ်နေတယ်။ ကချင်ပြည်နယ် ပြင်ပ ပြည်ထောင်စုနယ်မြေမှာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ လွှတ်မယ်” ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က ပြောသည်။

ပြည်ထောင်စုပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် KNC ပါတီအနေဖြင့် ကချင်ပြည်နယ်အတွင်းက မြို့နယ် (၁၈) မြို့နယ် အနက် အနည်းဆုံး (၁၀)မြို့နယ် အထိ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းတွင်မူ ရရှိလာသည့် ကိုယ်စားလှယ်လောင်း စာရင်းအပေါ် အခြေခံ၍ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

KNC ပါတီအနေဖြင့် လက်ရှိတွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ပါတီသို့ တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများဆောင်ရွက်နေကြောင်းနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို လာမည့် ဇူလှိုင်လဆန်းပိုင်းတွင် ချပြသွားမည်ဖြစ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အတွက်ပါ ပြင်ဆင်နေကြောင်း KNC ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဂျီလန်းရော်က ဆိုသည်။

“အခု ကျွန်တော်တို့ပါတီက ပြည်ထောင်စုပါတီဖြစ်တဲ့ အတွက်ကြောင့်မို့ ရေးရာဝန်ကြီးတို့နေရာပေါ့ ရှမ်းမြောက်တို့ နေရာမျိုးမှာတော့ ကိုယ်စားလှယ်လောင်းတွေ ရှာနေတယ်။ တကယ်လို့ရရင်တော့ ပြိုင်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် COVID-19 ကြောင့် အစိုးရအနေနှင့် လူငါးဦးထက် ပိုမစုရန်၊ လူစုလူဝေး မပြုလုပ်ရန် စသည့် တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်ထားသဖြင့် ယင်းကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများ အနေဖြင့် လူထုတွေ့ဆုံပွဲပြုလုပ်ခြင်းနှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း စသည့်အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ဤသို့ ဆုံးရှုံးနေသည့် အခွင့်အရေးများအတွက် UEC အနေဖြင့် လွတ်လပ်သည့် အနေအထားတစ်ခု ရရှိအောင် စီစဉ်ဆောင်ရွက်ပေးရန် အပ်ကြောင်း ဒေါက်တာ M ကောန်လက သုံးသပ်ပြောဆိုခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုင်ဝင်ဘာလအတွင်း ကျင်းပရန် UEC က ကြေငြာထားပြီး ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံရေးပါတီပေါင်း ၉၇ပါတီအထိ ရှိကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီမှ ကိုယ်စားလှယ် လောင်း ၂၉၈၇ဦး၊ တစ်သီးပုဂ္ဂလ ၁၈ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၇၂၈ ဦး၊ တစ်သီးပုဂ္ဂလ ၃၁၀ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။