Trending Now

မြစ်ကြီးနားတွင် ငွေတုပြုလုပ်သူများကို သက်သေခံ စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားတွင် ငွေတုပြုလုပ်သူများကို သက်သေခံ စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေတုသိန်း ၈၀ ကျော်အပြင် ထုတ်လုပ်သည့် စက်များ နှင့် အတူ အမျိုးသားသုံးဦးအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းမှ တာ၀န်ရှိသူတစ်ဦး ထံမှသိရသည်။

ငွေတုသုံးစွဲနေကြောင်း သတင်းအရ မြစ်ကြီးနားမြို့မ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ရှမ်းစုရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့ ၀င်များသည် ဆိုင်ကယ်မောင်းနှင်လာသည် ရမ်ပူရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ်ရှိ မောင်ပိုင်လင်းထွေး နှင့် အသက် ၂၇ နှစ်အရွယ်ရှိ ပိုင်စိုးသူ တို့အား ရပ်တန့် စစ်ဆေးရာတွင် ကျပ်ငွေတစ်သောင်းတန် အစစ်တစ်ရွက် အတု ၂၇ ရွက်၊YOMA BANK စာတမ်းပါ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် တစ်သောင်းတန် အတု အရွက် ၁ဝဝပါ လေးအုပ်၊ ငါးထောင်ကျပ်တန် အတု အရွက် ၁ဝဝပါ တစ်အုပ်၊ စုစုပေါင်း ငွေတု ၄၅၂၇၀၀၀ နှင့် ဖုန်း နှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ တစ်အိမ်တည်းအတူနေသူ အသက် ၂၁ အရွယ်ရှိ အောင်သူရနှင့်အတူ လုပ်ဆောင်ခဲ့ပြီး ငွေတုများ ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသဖြင့်သက်သေများနှင့်အတူ ၎င်းတို့၏နေအိမ်အား သွားရောက်ဖမ်းဆီးရာ YOMA BANK စာတမ်းပါစာရွက်ဖြင့် ပတ်ထားသည့် တစ်သောင်းတန် ၁၅ ရွက်တစ်အုပ်၊၈၇ ရွက်ပါ တစ်အုပ်၊အရွက် ၉ဝပါ တစ်အုပ်၊ အရွက် ၁ဝဝပါနှစ်အုပ် တို့ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် EPSON CL3210 စာတမ်းပါ Printer တစ်လုံး၊ အဖုံးအတွင်း Scan ဖက်စဉ် အသုံးပြုသည့် တစ်သောင်းကျပ်တန် ငွေစက္ကူအစစ်တစ်ရွက်၊ A4 ဆိုဒ်အဖြူရောင်စာရွက် ငါးဆယ်ပါ တစ်အိတ်၊ ဆက်စပ် ပစ္စည်းများဖြစ်သည့် ဓါး၊ ရောင်စုံသားရေကွင်း၊ စတီးပေတံ၊ စာရွက်ဖြတ်စက်၊ နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူအတုများကို ထုတ်လုပ်ပြီး အသုံးပြု/ဖြန့်ဝေရန် လက်ဝယ်တွေ့ရှိသူ ပိုင်လင်းထွေး၊ ပိုင်စိုးသူ၊ အောင်သူရတို့ သုံးဦးအား ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅၊၁၀၆ တို့ဖြင့် အမှုဖွင့်နိုင်ရန် စီစစ်ဆောင်ရွက်နေကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။