Trending Now

ပြုပြင်ထားတဲ့ ရေတွေ သမုဒ္ဒရာထဲ စွန့်ထုတ်မယ့် ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အိမ်နီးချင်းနိုင်ငံတွေ နဲ့ တရုတ်နိုင်ငံက ကန့်ကွက်

Spread the love

ပြုပြင်ထားတဲ့ ရေတွေ သမုဒ္ဒရာထဲ စွန့်ထုတ်မယ့် ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အိမ်နီးချင်းနိုင်ငံတွေ နဲ့ တရုတ်နိုင်ငံက ကန့်ကွက်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၄

ပျက်စီးနေတဲ့ ဖူကုရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံက ပြုပြင်ပြီး ရေထပ်ရောထားတဲ့ ရေဒီယိုသတ္တိကြွ ရေတွေကို သမုဒ္ဒရာထဲစတင် စွန့်ထုတ်မဲ့ ဂျပန်အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အိမ်နီးချင်း တောင်ကိုရီယား၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့က ကန့်ကွက်ထားပါတယ်။

တရုတ်နိုင်ငံက ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဂျပန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး “ဂျပန်ဟာ ကိုယ့်အကျိုးအမြတ်ကိုသာ ဦးစားပေးနေတဲ့အပြင် ဒါဟာ တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်ယူမှု မရှိဘူး” လို့ ပြောဆိုလိုက်ပါတယ်။

တကယ်လို့ ဂျပန်ဟာ ဒီအတိုင်း ရှေ့ဆက်လုပ်ဆောင်မယ်ဆိုရင် တရုတ်အစိုးရဟာလည်း ပင်လယ်ရေပတ်ဝန်းကျင်နဲ့ တရုတ်ပြည်သူတွေရဲ့ အစားအသောက်လုံခြုံမှုနဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တန်ပြန်လုပ်ဆောင်မှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အလားတူ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး အစိုးရမှုဝါဒရေးရာ ညှိနှိုင်းရေးဝန်ကြီး ကိုးယန်ချွယ်က ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ ပထဝီဝင်အနေအထားအရ အနီးစပ်ဆုံးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား၊ ကျွန်တော်တို့ဆီက လုံလောက်တဲ့ ဆွေးနွေးမှု ဒါမှမဟုတ် နားလည်မှုမရှိဘဲ တစ်ဖက်သတ်လုပ်ဆောင်ခဲ့တာပါ” လို့ ကိုးယန်ချွယ် က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေကို အစိုးရက ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဲဒီရေတွေ စွန့်ထုတ်မှုကို ဆန့်ကျင်တဲ့တောင်ကိုရီးယားပြည်သူတွေဟာ ဆိုးလ်မြို့က ဂျပန်သံရုံးအရှေ့မှာ ဆန္ဒပြခဲ့ကြပြီး “ပင်လယ်က အမှိုက်ပုံးမဟုတ်ဘူး။ ဂျပန်အစိုးရအနေနဲ့ ရေတွေကို ညစ်ပတ်အာင်ပြုလုပ်ဖို့ အခွင့်အရေးမရှိဘူး” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

တစ်ချိန်ထဲမှာပဲ ထိုင်ဝမ်ရဲ့ အဏုမြူစွမ်းအင်ကောင်စီက ဂျပန်ရဲ့ ဆုံးဖြတ်ချက်ကို “စိတ်မကောင်းစရာ” ဆုံးဖြတ်ချက်အဖြစ် ခေါ်ဆိုခဲ့ပြီး ဒီလုပ်ရပ်ကို ဥပဒေပြုလွတ်တော်အမတ်တွေနဲ့ ထိုင်ဝမ်ရဲ့ အာဏာပိုင်တွေက ကန့်ကွက်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျိုအန်နု က ဂျပန်အစိုးရက သန့်စင်ထားတဲ့ ရေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့လိုအပ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ထိုင်ဝမ်ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အလေးထားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းကတည်းက နျူကလီးယား ဘေးအန္တရာယ်ကြောင့် ဂျပန်နိုင်ငံက စားသောက်ကုန်အချို့ တင်သွင်းမှုအပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

ဂျပန်က ပြုပြင်ထားတဲ့ ရေတွေကို စွန့်ထုတ်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရိုးသားပွင့်လင်းစွာ၊ ဂရုစိုက်စွာ ဆက်တိုက် ရှင်းပြလာခဲ့သလို ဒီဆုံးဖြတ်ချက်က သိပ္ပံနည်းအရ ကျိုးကြောင်းဆီလျော်မှုရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်လင်းမြင်သာမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ သိပ္ပံအထောက်အထားတွေအပေါ် အခြေမခံဘဲ အဲဒီလို ပြောဆိုနေတာတွေကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီစွန့်ထုတ်မှုဟာ လူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် မပြောပလောက်တဲ့ ဂယက်ရိုက်မှုသာ ရှိမှာ ဖြစ်တယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ အကြီးအကဲက ထပ်လောင်းပြောကြားခဲ့ပြီး အေဂျင်စီအနေနဲ့ စောင့်ကြည့်စစ်ဆေးရေးအချက်အလက်တွေကို အချိန်နဲ့အမျှ ပြည်သူတွေကို ပေးအပ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Ref; kyodonews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။