Trending Now

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးကရပ်ဆိုင်း

Spread the love

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးကရပ်ဆိုင်း

EPN
နိုင်ငံကတာ၊ သြဂုတ် ၂၄

ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားကို ဒီကနေ့ကစပြီး ရာထူးကနေ ဆိုင်းငံ့ထားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဝန်ကြီးချုပ် သက်တမ်း ၈ နှစ်ပြည့်သွားတာဖြစ်ပြီး အတိုက်အခံလွှတ်တော်အမတ်တွေက တာဝန်ထမ်းဆောင်ချိန်ပြည့်သွားတဲ့ ဝန်ကြီးချုပ်ကို နှုတ်ထွက်ပေးဖို့အတွက်တောင်းဆိုတဲ့ စာတစ်စောင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့မှာ အခြေခံဥပဒေတရားရုံးကို တင်သွင်းခဲ့ပါတယ်။

ဒီတောင်းဆိုချက်နဲ့ပတ်သက်လို့ တရားသူကြီးအဖွဲ့က ဒီနေ့မနက် ၁၀ နာရီမှာ အစည်းအဝေး ထိုင်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီလောက်မှာတော့ တရားသူကြီး ၉ ဦးက ထိုင်းဝန်ကြီးချုပ်ကို နောက်ထပ်အမိန့်မချမှတ်မချင်း ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ထားဖို့ ၅ မဲ ၄ မဲ နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးမှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုမပြုဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်လုပ်ငန်းစဉ်ကို စက်တင်ဘာလမှာ အပြီးသတ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် က အာဏာသိမ်းခဲ့တဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ သက်တမ်းပြည့်ပြီဖြစ်လို့ တရားဥပဒေအရ နှုတ်ထွက်သင့်တယ်လို့ အဓိက အတိုက်အခံပါတီ နဲ့ ထိုင်းနိုင်ငံသား သုံးပုံနှစ်ပုံနီးပါးက ဆိုပါတယ်။

ဝန်ကြီးချုပ်ကို နှုတ်ထွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေလဲ မနေ့ညက ဖြစ်ပွားခဲ့ပြီး ဆက်လက်ပြီး ရာထူးကို ဆက်ခံမယ်ဆိုရင်တော့ တရားမဝင် ဝန်ကြီးချုပ်ပဲဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဖွဲ့စည်းပုံခုံရုံးရဲ့ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် လစ်လပ်သွားတဲ့ ဝန်ကြီးချုပ်ရဲ့ နေရာမှာ လက်ထောက်ဝန်ကြီးချုပ် ဝုန်းဆုဝမ်းက ယာယီတာဝန်ယူထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

source – tr-dvb

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။